close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်မှု လုပ်ထုံးလုပ်နည်းကို အိမ်ဖြူတော် ဝေဖန်

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ပေးတဲ့ ကော်မတီဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေထက် မူဝါဒစွဲကို အခြေခံပြီး ရွေးချယ်မှုတွေ လုပ်နေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ - UPI

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ပေးတဲ့ ကော်မတီဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေထက် မူဝါဒစွဲကို အခြေခံပြီး ရွေးချယ်မှုတွေ လုပ်နေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်သင့်တယ်လို့ ထရမ့်ရဲ့ ဘက်တော်သားတွေက အင်တိုက်အားတိုက် ထောက်ခံခဲ့ကြပေမယ့်လည်း အောက်တိုဘာ ၁၀ ရက်နေ့ ကြေညာမှုအရတော့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုကသာ ၂၀၂၅ ခုနှစ်ရဲ့ နိုဘယ်လ်ဆုရှင် ဖြစ်လာခဲ့ပါတယ်။

နိုဘယ်လ် ကော်မတီက မာချာဒိုဟာ အန္တရာယ် များလှတဲ့ ပတ်ဝန်းကျင်မှာ ရဲရဲရင့်ရင့်၊ ခိုင်ခိုင်မာမာ ရပ်တည်ရင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို အပတ်တကုတ် ကြိုးစား လုပ်ဆောင်နေတာကြောင့် ဒီဆုကို ချီးမြှင့်ရတာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လိုချင်ကြောင်း လူသိရှင်ကြား ပြောကြားထားသလို သူဟာ သမ္မတ သက်တမ်း နှစ်ကြိမ်အတွင်း ကမ္ဘာတလွှားက စစ်ရေးပဋိပက္ခ ၇ ခုလောက်ကို ကြားဝင် ပြေငြိမ်းစေခဲ့ပြီး ဖြစ်တယ်လို့လည်း ကြွေးကြော်ထားပါတယ်။ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်တွေမှာလည်း ထရမ့်က လူတိုင်းသူ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရစေချင်နေတယ်လို့ ပြောလေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ နိုင်ငံရေးအရ ဂုဏ်သိက္ခာ အမြင့်ဆုံးဖြစ်တဲ့ ဆုကြီးကတော့ ထရမ့်ဆီ လက်တွေ့ ရောက်မလာခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဆုရွေးချယ်သွားတဲ့ ဆုံးဖြတ်ချက်ကို ကြည့်ရင် နိုဘယ်လ် ကော်မတီဟာ တကယ့် ငြိမ်းချမ်းရေးထက် မူဝါဒစွဲတွေကို ပိုပြီး ဦးစားပေးမှန်း သိသာလွန်းတယ်လို့ အိမ်ဖြူတော် ဆက်သွယ်ရေး ဒါရိုက်တာ စတီဖန်ချွန်းက ဝေဖန်ခဲ့ပါတယ်။ ဆုမရပေမယ့်လည်း သမ္မတ ထရမ့်ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရရှိဖို့၊ စစ်ပွဲတွေကို ရပ်တန့်ဖို့နဲ့ လူ့အသက်တွေကို ကယ်ဆယ်ဖို့ လုပ်သင့်တာတွေကို ဆက်လုပ်သွားမယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

သမ္မတ ထရမ့်မှာ လူသားချင်းစာနာမှု ပြည့်ဝတဲ့ နှလုံးသားရှိကြောင်း၊ စိတ်ဆန္ဒပြင်းပြမှု သက်သက်နဲ့ တောင်တွေကိုတောင် ရွှေ့ပစ်နိုင်လောက်တဲ့ သူ့လိုလူစားမျိုး ထပ်မရှိနိုင်ကြောင်းလည်း ချွန်းက ဆိုပါတယ်။

ထရမ့်ဟာ လောလောလတ်လတ် အနေနဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်စေရေးအတွက် ပထမအဆင့် ဆွေးနွေးမှုတွေ အထမြောက်လာအောင် အစ္စရေးနဲ့ ဟားမားစ်တို့ကို သိမ်းသွင်းထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အစ္စရေး-ဟားမားစ် ဆွေးနွေးမှုတွေအတွက် သဘောတူညီမှု ရရှိခဲ့တဲ့နောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မကြေညာခင် ၂ ရက်အလိုမှာ အိမ်ဖြူတော်က ထရမ့်ကို ‘ငြိမ်းချမ်းရေး သမ္မတ’လို့ ညွှန်းဆိုထားတဲ့ ပို့စ်ကိုလည်း Facebookပေါ် တင်ခဲ့ပါသေးတယ်။

အမေရိကန် သမ္မတ ဖြစ်ခဲ့ဖူးသူတွေထဲမှာ သီအိုဒို ရုစ်ဗဲ့လ်ထ်၊ ဝူဒ်ရိုဝီလ်ဆန်၊ ဂျင်မီကာတာနဲ့ ဘာရတ် အိုဘားမားတို့ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုတွေ ရခဲ့ကြပါတယ်။ ဒါပေမဲ့ ရာထူးလက်ကိုင် အခြေအနေနဲ့ ဆုရတဲ့ အမေရိကန် သမ္မတကတော့ အိုဘားမား တစ်ဦးသာ ရှိခဲ့ပါသေးတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တု တင်ပို့မှုတွေကို တရုတ်က ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ စီစဉ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်ဆီက တင်သွင်းလာမယ့် ကုန်စည်တွေကို တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း အပိုဆောင်း စည်းကြပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဆီကနေ အဲဒီဆုကို မတောင်းယူခဲ့ပါဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက်ခဲ့ပါတယ်။

နိုင်ငံတကာ

တကယ်လို့ အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မရခဲ့ဘူးဆိုရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဖက်က ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေးနိုင်ငံမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

သတင်း

အမေရိကန် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့ရေး အစီအမံတွေ ဖြတ်တောက် လျှော့ချမှုကြောင့် မြန်မာ ကလေးငယ်တွေ ငတ်မွတ်နေ၊ သေကြေနေကြတယ်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဟီလာရီ ကလင်တန်က Facebookမှာ မျှဝေခဲ့ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အီလွန်မတ်စ်ခ်တို့ကို ဝေဖန် ရှုတ်ချထားခဲ့ပါတယ်။