အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ငလျင်နောက်ဆက်တွဲ လူသားချင်း စာနာမှု လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးခဲ့တယ် မလေးရှား ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ ဧပြီ ၁၇ ရက်နေ့တုန်းက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ရဲ့ စီစဉ်ပေးမှုနဲ့အတူ ဘန်ကောက်မြို့မှာ မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပါတယ်။
ဘန်ကောက် ရို့စ်ဝုဒ် ဟိုတယ်မှာ သက်ဆင် တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့နောက် သူဟာ ငလျင်နောက်ဆက်တွဲ လူသားချင်း စာနာမှု လုပ်ငန်းစဉ်တွေအတွက် မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို အမြန်ဆုံး ပုံမှန်အနေအထား ရောက်ရှိစေဖို့က အရေးကြီးကြောင်း အန်ဝါက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖျက်အားပြင်း မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး သုံးပတ်လောက် အကြာမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။ စစ်တပ် အာဏာသိမ်းပြီး ကတည်းက အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက် ဆွေးနွေးမှု အများစုကို ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
သူနဲ့ မင်းအောင်လှိုင်ကြားက ဆွေးနွေးမှုတွေဟာ ပွင့်လင်းပြီး အပြုသဘော ဆန်ခဲ့ကြောင်း အန်ဝါက ဆိုပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ယာယီ ကွင်းဆင်းဆေးရုံတစ်ခု ထားရှိနိုင်ရေး ကိစ္စလည်း ပါဝင်ခဲ့ကြောင်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ သင်္ကြန်အပြီး အကျဉ်းသား ၄၈၀၀ လောက် လွတ်ငြိမ်းချမ်းသာခွင့် ရလာတဲ့ ကိစ္စကိုလည်း အန်ဝါက ချီးကျူးခဲ့ပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ လုပ်ဆောင်ချက် တစ်ခုလို့ သူ့ရဲ့ ပို့စ်ထဲမှာ မှတ်ချက်ပေးထားခဲ့ပါတယ်။
မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ် ဆိုတာဟာ အာဆီယံ ဥက္ကဋ္ဌနဲ့ မလေးရှားနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်ကို နိုင်ငံရေးအရ အသိအမှတ် ပြုခဲ့တဲ့ အဓိပ္ပါယ် မဟုတ်ကြောင်း၊ ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ အတွက်သာ ရည်ရွယ်တာဖြစ်ကြောင်း မလေးရှား လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ တန်ဟောင်ပင်က ဧပြီ ၁၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး ရှင်းလင်းခဲ့ပါတယ်။
လူတွေရဲ့ အသက်တွေကို ကယ်ဆယ်ဖို့ လိုအပ်နေတဲ့ အခြေအနေမှာ နိုင်ငံရေးအရ ဖြစ်သင့် မဖြစ်သင့် ဆိုတာတွေနဲ့ တွေဝေမနေသင့်ကြောင်း သူက ပြောပါတယ်။
မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ အတိုက်အခံ တော်လှန်ရေး အင်အားစုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အလားအလာတွေကို ညှိနှိုင်းဖို့ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်လို့တော့ အန်ဝါက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီးတဲ့နောက် အန်ဝါဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကိုယ်စားလှယ်တွေနဲ့လည်း ဧပြီ ၁၈ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အစောပိုင်းတုန်းကတော့ သက်ဆင်က အာဏာသိမ်း စစ်ကောင်စီနဲ့ အတိုက်အခံတွေကြားမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ အခွင့်အလမ်းတွေ ရှိနေဆဲလို့ ယုံကြည်ကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။
ကိုးကား: Bangkok Post
