ကမ္ဘာ့နိုင်ငံ အများအပြား သွင်းကုန်ဆိုင်ရာ အခွန်အခတွေ ပမာဏ အများအပြား မြှင့်တင်မယ့် သူ့ရဲ့ အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်ပါတယ်။ ဒါပေမဲ့ တရုတ်ဆီက တင်သွင်းမယ့် ကုန်စည်တွေကိုတော့ အခွန်ပမာဏ တနင့်တပိုး စည်းကြပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ထရမ့်ဟာ အခုလထဲမှာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံအားလုံးကို မတူညီတဲ့ နှုန်းထားတွေနဲ့ သွင်းကုန်အခွန်တွေ စည်းကြပ်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ အခြေအနေကြောင့် နိုင်ငံတကာ ရှယ်ယာစျေးကွက်မှာ ထိခိုက်ကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဧပြီ ၉ ရက်နေ့ မူဝါဒ အပြောင်းအလဲကြောင့် စျေးကွက်ထဲမှာ စိတ်သက်သာရာ ရစရာ အခြေအနေမျိုး ဖြစ်လာပြီး ရှယ်ယာတန်ဖိုးတွေ ပြန်ပြီး တက်ရိပ် ပြလာခဲ့ပါတယ်။
ထရမ့်ဟာ တစ်ကမ္ဘာလုံးနီးပါးနဲ့ ကုန်သွယ်ရေး စစ်ပွဲဆန်ဆန် အားပြိုင်မှုမျိုး ဖြစ်လာမယ့် အခြေအနေကို ရှောင်လွှဲလိုက်ပေမယ့်လည်း မဟာပြိုင်ဘက်ကြီး တရုတ်ကိုတော့ အခွန်မူဝါတွေအရ ပြင်းပြင်းထန်ထန် ထိုးနှက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကုန်သွယ်ဖက် နိုင်ငံတွေ စိတ်ဖိစီးမှု ကြီးစွာနဲ့ စောင့်ဆိုင်းနေရတဲ့ အခွန်စည်းမျဉ်းသစ်တွေ အသက်ဝင်လာမယ့် အချိန် မတိုင်ခင် နာရီပိုင်း အလိုမှာ ထရမ့်ရဲ့ ကြေညာချက် အသစ်က ထွက်ပေါ်လာတာပါ။ သူဟာ နိုင်ငံအားလုံးကို အခြေခံ သတ်မှတ်ချက်ဖြစ်တဲ့ အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မှုကို ဆက်လက် ထားရှိမှာ ဖြစ်ပေမယ့် အဲဒီထက်ပိုတဲ့ ပမာဏတွေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုတွေကို ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါပေမဲ့ အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှုတွေကို အပြင်းအထန် လက်တုံ့ပြန်ပြီး အဆုံးထိ ရင်ဆိုင်သွားမယ်လို့ ကြုံးဝါးထားတဲ့ တရုတ်ရဲ့ သွင်းကုန်တွေကိုတော့ အခွန် ၁၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အစောပိုင်းကထိ သတင်းထွက်နေတာက ထရမ့်ဟာ တရုတ်သွင်းကုန်တွေကို အခွန် ၁၀၄ ရာခိုင်နှုန်း စည်းကြပ်မယ် ဆိုပြီးတော့ ဖြစ်ပါတယ်။ အခုစည်းကြပ်မှုအရ တရုတ်ကနေ အမေရိကန်ကို တင်သွင်းတဲ့ ဒေါ်လာ ၁၀၀ တန် ပစ္စည်းအတွက် အမေရိကန်က အခွန် ၁၂၅ ဒေါ်လာ ကောက်ယူမယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒီအခြေအနေက အမေရိကန်ကို ကုန်စည်အမြောက်အမြား တင်ပို့နေရတဲ့ တရုတ်အတွက် ကြီးမားတဲ့ အခက်အခဲမျိုးဆီ တွန်းပို့ဖွယ် ရှိနေပါတယ်။
အမေရိကန်က တရုတ်ရဲ့ ပို့ကုန်တွေကို အခွန်တွေ တစ်ဆင့်ချင်း တိုးကောက်ဖို့ သတ်မှတ်ခဲ့တဲ့နောက် တရုတ်ကလည်း အမေရိကန်ရဲ့ ကုန်စည်တွေကို အခွန် ၈၄ ရာခိုင်နှုန်း တိုးကောက်ပြီး တုံ့ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ်လို့ ထရမ့်က စွပ်စွဲပြီး အခုလို မြောက်မြားလှတဲ့ အခွန်စည်းကြပ်မှုကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အခုလို သမ္မတက မူဝါဒပြောင်းပြီး အခွန်ပမာဏ မြှင့်တင်မှုတွေကို ဆိုင်းငံ့ခဲ့တာဟာ နိုင်ငံတကာ ရှယ်ယာစျေးကွက် ကျဆင်းမှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ ထရမ့်ကတော့ အိမ်ဖြူတော်ရှေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သူ့ရဲ့ အခွန်တိုးမြှင့်မှုတွေနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်မယ်လို့ မပြောခဲ့တဲ့ နိုင်ငံတွေဟာ အခုလို ရက်ပေါင်း ၉၀ ဆိုင်းငံ့မှု ခံစားခွင့်ကို ရရှိခဲ့ကြတာလို့ မှတ်ချက်ပေးသွားပါတယ်။
သူ့ရဲ့ မူဝါဒကို မဖီဆန်တဲ့ နိုင်ငံတွေဟာ ကောင်းကျိုးခံစားခဲ့ရတာဖြစ်ပြီး အာခံတဲ့ နိုင်ငံတွေကိုတော့ အခွန်စည်းမျဉ်းတွေအရ ပိုပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်မယ်ဆိုတဲ့ သဘောမျိုး ထရမ့်က ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေကို လက်တုံ့ပြန်မယ့် နိုင်ငံတွေကို အခွန်နှစ်ဆ ထပ်တိုးမယ်လို့ သူက ကြိုတင် သတိပေးခဲ့ကြောင်း၊ တရုတ်က မလိုက်နာတဲ့အတွက် ပြောထားတဲ့အတိုင်း တရုတ်အပေါ် အခွန်တွေ ထပ်မြှင့်ခဲ့တာ ဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
သူက တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ရယူဖို့ လိုလားနေလိမ့်မယ်လို့လည်း မှတ်ချက်ပေးသွားပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းကတော့ တရုတ်အပေါ် အမေရိကန်က သတ်မှတ်တဲ့ အခွန်စည်းကြပ်မှုတွေဟာ အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးလို့ ဝေဖန်သွားပါတယ်။ အဲဒီလို အကျင့်စရိုက်မျိုးကို တရုတ်က ဆန့်ကျင်မှာဖြစ်ပြီး အမေရိကန်ဟာ လက်ရှိ အခြေအနေတွေကို ဖြေရှင်းမှု နည်းလမ်းနဲ့ တကယ်ပဲ ပြေလည်စေချင်ရင် မျှတတဲ့၊ အပြန်အလှန် လေးစားတဲ့၊ နှစ်ဖက်စလုံးကိုကြည့်တဲ့ ချဉ်းကပ်မှုမျိုး လိုအပ်မယ်လို့လည်း သူက ဆိုပါတယ်။
ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး (WTO)ကတော့ ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားက လက်ရှိ တင်းမာမှုတွေအတိုင်း ရှေ့ဆက်နေမယ်ဆိုရင် နှစ်ဖက် ကုန်သွယ်မှု တန်ဖိုးဟာ ၈၀ ခိုင်နှုန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၄၆၆ ဘီလီယံဖိုးလောက်ထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ကိုးကား: BBC
