အစိုးရရဲ့ စစ်ရေးကိစ္စ ထိပ်တန်းအဆင့် လျှို့ဝှက် ဆွေးနွေးမှုတွေက group chat တစ်ခုကနေ ပေါက်ကြားခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ အမေရိကန် ထိပ်တန်း အထက်လွှတ်တော် အမတ်တချို့က တောင်းဆိုလိုက်ပါတယ်။
မတ်လ ၂၇ ရက်နေ့မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီနှစ်ရပ်လုံးရဲ့ အထက်လွှတ်တော် အမတ်တချို့က group chat ပေါက်ကြားမှု အရှက်တကွဲ ဖြစ်ရတဲ့ ကိစ္စအပေါ် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဆောင်ခင် ဒုတိယ သမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစတဲ့ ထိပ်တန်းအဆင့် အစိုးရ အရာရှိတွေ ဆွေးနွေးခဲ့ကြတဲ့ Signal group chatထဲကို အမေရိကန် ဂျာနယ်လစ် တစ်ဦးကို မတော်တဆ မှားထည့်မိရာက ပြဿနာ စခဲ့တာပါ။
Atlantic မဂ္ဂဇင်းဟာ မတ်လ ၂၆ ရက်နေ့မှာတော့ အဲဒီ group chatထဲမှာ ဆွေးနွေးပြောဆိုထားတဲ့ screenshotတွေကို ထုတ်ပြန်ခဲ့ပြီး အိမ်ဖြူတော်ကလည်း အမှားအယွင်းတစ်ခု ဖြစ်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ အဲဒီနောက် အရေးကြီးတဲ့ ထိပ်တန်းအဆင့် စစ်ရေး လျှို့ဝှက်ချက်တွေကို သတ်မှတ်ထားတဲ့ channelတွေမှာ မဆွေးနွေးဘဲ အရပ်သုံး appတစ်ခုမှာ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေအရ အပြစ်ရှိမရှိ စုံစမ်းသင့်ကြောင်း တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

Public Service Announcement
မတ်လ ၂၇ ရက်နေ့မှာတော့ အထက်လွှတ်တော်ရဲ့ လက်နက်ကိုင်ရေးရာ ကော်မတီ အကြီးအကဲလည်းဖြစ်၊ သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု အမတ်တစ်ဦးလည်းဖြစ်တဲ့ ရိုဂျာဝစ်ကာနဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဝါရင့် အမတ်တစ်ဦးဖြစ်သူ ဂျက်ခ်ရိဒ်တို့ဟာ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ စောင့်ကြည့်ရေး အဖွဲ့တွေဆီ စာရေးသားပြီး လိုအပ်တဲ့ စုံစမ်းမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီစာထဲမှာတော့ ပင်တဂွန်ရဲ့ အမှုစစ် အရာရှိချုပ် အနေနဲ့ ဖြစ်စဉ်ရဲ့ အချက်အလက်တွေ၊ သက်ရောက်မှုတွေကို သေချာ စိစစ် လေ့လာပေးဖို့ တောင်းဆိုထားပါတယ်။ အထူးသဖြင့် ထိပ်တန်း လျှို့ဝှက်အဆင့် အကြောင်းအရာတွေကို မလျော်ကန်တဲ့ နေရာမှာ ဆွေးနွေးပြီး ဝေမျှခဲ့သလား ဆိုတာကို အစွဲကင်းကင်း စစ်ဆေးပေးဖို့ အဲဒီအမတ်တွေက ပြောပါတယ်။
ဝစ်ကာက အခုလိုမျိုး အရမ်း ထိလွယ်ရှလွယ် ဖြစ်နိုင်တဲ့ ကိစ္စတွေကို တရားဝင် မဟုတ်တဲ့၊ လုံခြုံရေး အာမခံချက် မရှိတဲ့ နေရာတစ်ခုမှာ ဆွေးနွေးခဲ့တယ်ဆိုတဲ့ အချက်က နားလည်ပေးဖို့ ခက်ကြောင်း၊ ပြောဆိုထားတဲ့ အကြောင်းအရာတွေကို ကြည့်ရင် ထိပ်တန်းလျှို့ဝှက် အဆင့်လို့ သူ့အနေနဲ့ သေချာပေါက် သတ်မှတ်မှာဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။
Atlantic မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘာ့ဂ်ကို group chatထဲ မှားထည့်မိတဲ့ အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေး အကြံပေး မိုက်ခ်ဝေါ့ဇ်က အခုကိစ္စအတွက် သူ့မှာ တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရိုလင်း လီယာဗစ်ကလည်း အခုကိစ္စကို အမှားတစ်ခု မဟုတ်ဘူးလို့ ငြင်းလို့မရကြောင်း ပြောပါတယ်။
အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီကတော့ ဒီပေါက်ကြားမှုဟာ ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေထိ ခံရနိုင်ခြေ ရှိတယ်လို့ မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: AFP
