close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကျောခိုင်းသွားမယ့် ဥရောပကို မားဇ်က ဦးဆောင်မှု ပေးနိုင်မလား

ဂျာမနီ ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးဝါဒီ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီ အနိုင်ရခဲ့တဲ့နောက် ဖရိုင်းဒရစ်ချ် မားဇ်ဟာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ အင်တိုက်အားတိုက် ဆောင်ရွက်နေပါပြီ။

ဂျာမနီ ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးဝါဒီ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီ အနိုင်ရခဲ့တဲ့နောက် ဖရိုင်းဒရစ်ချ် မားဇ်ဟာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ အင်တိုက်အားတိုက် ဆောင်ရွက်နေပါပြီ။ အဲဒီ ကိစ္စတွေ အောင်မြင် ပြီးမြောက်ခဲ့မယ် ဆိုရင်တော့ မားဇ်ရဲ့ အစိုးရအတွက် ပြည်တွင်းက စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြင်ဆင် မွမ်းမံမှုတွေသာ မကဘဲ ဥရောပကို ဂျာမနီက ဦးဆောင်မှု ပေးရမယ့် ကြီးလေးတဲ့ တာဝန်မျိုးကပါ စောင့်ကြိုနေဖွယ် ရှိပါတယ်။

မားဇ်ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုဟာ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် တစ်လဝန်းကျင် အကြာမှာ ရရှိလာခဲ့တာပါ။ အဓိပတိ အိုလက်ဖ်ရှော့ဇ်ရဲ့ ညွန့်ပေါင်း အစိုးရ ပြိုကွဲခဲ့တဲ့နောက် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီက လွှတ်တော်အမတ် နေရာ ၂၈.၆ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

ဂျာမနီရဲ့ နိုင်ငံရေး စနစ်အရ ရွေးကောက်ပွဲမှာ ပါတီတစ်ခုတည်းက အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ရွေးကောက်ပွဲမှာ အခြေအနေ အကောင်းဆုံး ပါတီက ဦးဆောင်ပြီး စုစုပေါင်း ပါတီနှစ်ခု၊ ဒါမှမဟုတ် သုံးခုလောက်နဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ကြရပါတယ်။ ပါတီအရေအတွက် များလေလေ၊ သဘောထား ကွဲလွဲမှုတွေနဲ့အတူ ပြိုကွဲဖို့ ဖြစ်နိုင်ခြေ များလေလေပါပဲ။ မားဇ်ဟာ ပါတီနှစ်ခုလောက်နဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ထင်သလောက် မဖြစ်မြောက်ခဲ့ပါဘူး။ ပါတီက အနိုင်ရခဲ့ဖူးတဲ့ ရွေးကောက်ပွဲတွေကို ပြန်ကြည့်ရင် ဒီနှစ်ရဲ့ လွှတ်တော်အမတ် ခွဲတမ်းနေရာ ၂၈.၆ ရာခိုင်နှုန်းဟာ အနည်းဆုံး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မားဇ်ဟာ ဂျာမနီမှာ အရမ်း လူကြိုက်များတဲ့ နိုင်ငံရေးသမား မဟုတ်သလို ပြည်သူ တော်တော်များများဟာ သူ့အတွက် မဲပေးဖို့ တွန့်ဆုတ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို အခြေအနေမှာ အစိုးရကို ဦးဆောင်ရမယ့် မားဇ်အတွက် အဆုံးစွန်ထိ တွေးထားရမယ့် လမ်းနှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ညွန့်ပေါင်း အစိုးရကို ရအောင် ထိန်းသိမ်းရင်း အစိုးရ သက်တမ်းကို ရနိုင်သမျှ ဆွဲဆန့်ဖို့ပါ။ ဒုတိယ တစ်ခုကတော့ ဥရောပရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲတွေအပေါ် မူတည်ပြီး ဂျာမနီကို ဥရောပအတွက် ဦးဆောင်ဦးရွက် နေရာက ရပ်တည်စေဖို့ပါ။ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်ဟာ ဥရောပကို စိမ်းစိမ်းကားကား ဆက်ဆံမယ့် ထရမ့်ရဲ့ သဘောထားက ပိုမို ပီပြင်လာတဲ့ အခြေအနေမှာ မားဇ်အတွက် အဲဒီ တာဝန်ဟာ ကြီးလေးလွန်းသလို လက်တွေ့ အောင်မြင်ခဲ့မယ် ဆိုရင်လည်း သူဟာ စစ်ပြီးခေတ်နောက်ပိုင်း အန်ဂျလာ မာကယ်လ်လိုမျိုး ကမ္ဘာ့အရေးတွေမှာပါ ဩဇာ အလွှမ်းမိုးနိုင်ဆုံး ဂျာမနီ အဓိပတိ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ မားဇ်ဟာ အဲဒီ ဒုတိယ လမ်းကြောင်းကို ရွေးချယ်ထားပြီး ဖြစ်ဟန်လည်း တူပါတယ်။

တကယ်တော့ မားဇ်ဟာ အမေရိကန်အပေါ် လေးစားနှစ်လိုတဲ့ သဘောထား ရှိသူပါ။ ဒါပေမဲ့ ထရမ့်လို လက်ယာစွန်းရောက် နိုင်ငံရေးသမားမျိုး အမေရိကန် သမ္မတ ဖြစ်လာတဲ့ အခါမှာ ဂျာမနီရော၊ ဥရောပရဲ့ လုံခြုံရေး အတွက်ပါ အစဉ်အလာ မဟာမိတ်ကို အားကိုးလို့ မရတော့မှန်း မားဇ်က လက်တွေ့ကျကျ သဘောပေါက်ပါတယ်။ အထူးသဖြင့် သမ္မတ ဖြစ်ကာစမှာ ထရမ့်က ယူကရိန်းရဲ့ သိက္ခာကို ထိပါးစေလောက်မယ့် ဆက်ဆံပုံတွေ၊ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းစေဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထရမ့်က ဥရောပရဲ့ အဓိက ရန်ဘက်လို့ ဆိုရမယ့် ရုရှားရဲ့ သမ္မတ ဗလာဒီမာ ပူတင်ကို တိုက်ရိုက် ဖုန်းဆက် ဆွေးနွေးခဲ့တာတွေက ဥရောပဟာ ကိုယ့်အားကိုယ်ကိုး ရပ်တည်ဖို့ လိုလာပြီ ဖြစ်သလို အဲဒီအတွက် ဂျာမနီလို အင်အားကြီး နိုင်ငံတွေက ရှေ့ထွက် ဦးဆောင်မှု ပေးရတော့မယ် ဆိုတာကို ပိုထင်ရှားလာစေပါတယ်။

ရွေးကောက်ပွဲ ညတုန်းက ရုပ်မြင်သံကြား ဆွေးနွေးမှု အစီအစဉ် တစ်ခုမှာ မားဇ်က ဥရောပဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတော့မယ်ဆိုတဲ့ သဘောထားကို လေးလေးနက်နက် ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်အတွင်း ထရမ့် ပြောဆိုခဲ့တဲ့ မှတ်ချက်တွေကို လေ့လာကြည့်ရုံနဲ့ အမေရိကန် အစိုးရဟာ ဥရောပရဲ့ ကံကြမ္မာ ဘာဖြစ်ဖြစ် ဂရုစိုက်တော့မှာ မဟုတ်ဘူးဆိုတာ သိသာနေပြီလို့ မားဇ်က ထောက်ပြခဲ့ပါတယ်။ သူက ဂျာမန် နိုင်ငံသားတွေ အနေနဲ့ အမေရိကန်ရဲ့ လွှမ်းမိုးမှုအောက်ကနေ လွတ်လပ်စွာ ရပ်တည်ကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

ထရမ့်ဟာ ပူတင်နဲ့ တိုက်ရိုက် ဖုန်းပြောခဲ့တာမျိုး လုပ်ခဲ့ရုံသာ မကဘဲ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကလည်း အနာဂတ်မှာ ယူကရိန်းရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ စစ်ရေးနဲ့ စစ်ရေးမဟုတ်တဲ့ အထောက်အပံ့ အများစုကို ဥရောပကပဲ ကျခံစေရမယ်လို့ ပြောကြားခဲ့ကြောင့် အမေရိကန် မဟာမိတ် NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေကို အတော်ကြီး တုန်လှုပ်သွားစေခဲ့ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ပြောထားသလိုပဲ သူ့ရဲ့ နိုင်ငံဟာ လက်ရှိ အခြေအနေမှာ ရုရှားရန်ကို ကာကွယ်ဖို့ ဥရောပအတွက် ရှေ့တန်းခံတပ်လို ကြံ့ကြံ့ခံပေးနေတာ ဖြစ်ပါတယ်။ ယူကရိန်းကို အမေရိကန်က အလျှော့ပေးလိုက်ခြင်းဟာ ရုရှားက NATOရဲ့ ဥရောပ နယ်နိမိတ်ကို ထိပါးနိုင်ကြောင်း မီးစိမ်းပြလိုက်တာနဲ့ တူတူပါပဲ။ ဥရောပဟာ ရုရှားနဲ့ ရင်ဆိုင် စစ်တိုက်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း နိုင်ငံတကာအရေး လေ့လာ စောင့်ကြည့်သူ အားလုံးလိုလိုက တညီတညွတ်တည်း သုံးသပ်ထားကြပါတယ်။ အဲဒီ အချိန်မှာ ထရမ့်ရဲ့ အမေရိကန်ကလည်း ဥရောပကို ကျောခိုင်းဖို့ ခြေလှမ်းပြင်နေပါပြီ။

ဒါကြောင့်လည်း မားဇ်က မတိုက်တွန်းရင်တောင် နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး စွမ်းရည်ကို အသီးသီး မြှင့်တင်ရတော့မယ် ဆိုတာကို ဥရောပ နိုင်ငံတွေက သဘောပေါက်ပြီးသားပါ။ အရေးကြီးတာက ဥရောပဟာ တစ်နိုင်ငံချင်း ရပ်တည်မှုထက် ပိုပြီး စုစည်းနေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် ဦးဆောင်မှုလည်း လိုပါတယ်။ ဥရောပရဲ့ အတောင့်တင်းဆုံး စီးပွားရေး ရင်းမြစ်ကို ပိုင်ဆိုင်ထားတဲ့ ဂျာမနီဟာ ဥရောပကို ဦးဆောင်မှုပေးဖို့ လက်တွေ့ အကျဆုံး လျာထားစာရင်းထဲမှာ ပါဝင်နေတာ မဆန်းပါဘူး။

မှန်းဆလို့ မရအောင် လျင်လျင်မြန်မြန် ပြောင်းလဲလာနေတဲ့ အမေရိကန် အစိုးရရဲ့ သဘောထားတွေကြောင့် လာမယ့် ဇွန်လမှာ ကျင်းပမယ့် NATO ထိပ်သီး ညီလာခံကျရင် စစ်မဟာမိတ် အဖွဲ့ကြီးရဲ့ အနေအထားဟာ လက်ရှိ အတိုင်းတောင် ဟုတ်ပါ့မလား ဆိုတာ မသေချာတော့ဘူးလို့ မားဇ်က ထောက်ပြခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအပေါ် မူတည်ပြီး ဥရောပဟာ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြန်နိုင်သမျှမြန်မြန် မြှင့်တင်ဖို့ လိုနေပြီလို့ သူက ပြောကြားသွားပါတယ်။

ရွေးကောက်ပွဲမှာ သူ့ပါတီက လွှတ်တော်အမတ် နေရာ အများဆုံး ရရှိပြီး ညွန့်ပေါင်း အစိုးရကို ဦးဆောင် ဖွဲ့စည်းဖို့ သေချာသွားတဲ့ အချိန်မှာလည်း မားဇ်က ဥရောပဟာ သန်းခေါင်ရောက်ဖို့ ၅ မိနစ်လောက်သာ လိုတော့တဲ့ အနေအထားမျိုး ကြုံနေပြီလို့ သတိပေးခဲ့ပြန်ပါတယ်။ သူ့ရဲ့ သဘောထား မှတ်ချက်တွေဟာ အမေရိကန် အစိုးရကို၊ တစ်နည်းအားဖြင့် ထရမ့်ကို တိုက်ရိုက်ကျကျ ရဲရဲရင့်ရင့် စိန်ခေါ်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေပြီး သူ့ကို မဲပေးဖို့ တွန့်ဆုတ်ခဲ့တဲ့ ဂျာမန်တွေကိုတောင် အံ့ဩစေခဲ့ပါတယ်။

မားဇ်ဟာ ထရမ့်ရဲ့ မူဝါဒ အပြောင်းအလဲတွေမှာ ဂျာမနီနဲ့ ဥရောပရဲ့ လုံခြုံရေးကို အာရုံစိုက်ရမှာ ဖြစ်သလို နိုင်ငံ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်လွှားရဦးမှာပါ။ အဲဒီ ပြဿနာတွေကို တစ်ဆင့်ချင်း ကိုင်တွယ်ရမှာ ဖြစ်ပြီး လောလောဆယ် လက်တွေ့ အကျဆုံး လိုအပ်ချက်ကတော့ ညွန့်ပေါင်း အစိုးရတစ်ရပ် တည်တည်ငြိမ်ငြိမ်၊ အားကောင်းကောင်း ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။

ဂျာမနီ ရွေးကောက်ပွဲမှာ ထရမ့်က အတိအလင်း ထောက်ခံခဲ့တဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း သမိုင်းတလျှောက် အကြီးမားဆုံး အောင်ပွဲအဖြစ် လွှတ်တော်အမတ် နေရာ ၂၀.၈ ရာခိုင်နှုန်းထိ ရရှိလာခဲ့ပါတယ်။ ပြီးတော့ မားဇ်ဦးဆောင်မယ့် ညွန့်ပေါင်း အစိုးရဟာ သက်တမ်း ၄ နှစ်တောင် ပြည့်အောင် တာဝန်ယူနိုင်မှာ မဟုတ်ဘဲ ပြိုကွဲသွားမယ်လို့ လက်ယာစွန်း အင်အားစုတွေက လှောင်ပြောင်နေကြပါတယ်။ ဂျာမနီမှာတော့ အစဉ်အလာ ကြီးမားတဲ့ နိုင်ငံရေး ပါတီကြီးတွေဟာ လက်ယာစွန်း အင်အားစုတွေနဲ့ လက်တွဲဖို့ တွန့်ဆုတ်လေ့ ရှိကြပါတယ်။ မားဇ်ကလည်း လက်ယာစွန်းတွေနဲ့ ပူးပေါင်းပြီး အစိုးရ ဖွဲ့မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီဟာ အရင် ညွန့်ပေါင်း အစိုးရကို ဦးဆောင်ခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီနဲ့ ဆွေးနွေးမှုတွေကို စတင်နေပြီ ဖြစ်ပါတယ်။

မားဇ်ဟာ ဥရောပကို စုစည်းဖို့အတွက် ရည်မှန်းထားတယ် ဆိုရင်တောင် ပိုပြီး အခြေခံကျတဲ့ လိုအပ်ချက်အဖြစ် ဂျာမနီကို အရင်ဆုံး စုစည်းရဦးမှာပါ။ စစ်အေးခေတ် နောက်ပိုင်းမှာ ဥရောပဟာ လုံခြုံရေး ကဏ္ဍအတွက် အမေရိကန်ကို လွန်လွန်ကျွံကျွံ ပုံအပ်ထားခဲ့မိပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ ခေါင်းဆောင်ပြောင်းရင် မူဝါဒအားလုံး ပြောင်းနိုင်တဲ့ အမေရိကန် နိုင်ငံရေး အခြေအနေအရ အဲဒီလို လွန်ကဲတဲ့ မှီခိုမှုဟာ သိပ်အန္တရာယ် ကြီးတယ်ဆိုတာကို ဥရောပ နိုင်ငံတွေ ကောင်းကောင်း သင်ခန်းစာ ရသွားပါပြီ။

ထရမ့်ဟာ အမေရိကန်နဲ့ ဥရောပကြားက ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေးကြားမှာ အက်ကြောင်းနက်နက် တူးပြလိုက်ပြီ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ရွေးကောက်ခံ သက်တမ်း ကုန်ဆုံးသွားပြီး အမေရိကန်မှာ ဘယ်သမ္မတ တက်လာလာ အမေရိကန်ဟာ အရင်လိုမျိုး ဥရောပရဲ့ ကိုးစားမှုကိုတော့ မရနိုင်တော့ပါဘူး။ ဥရောပဟာ ပီပြင်တဲ့ စစ်ရေး စူပါပါဝါ အင်အားစုသစ် တစ်ခုကို အနှေးနဲ့အမြန် မဖြစ်မနေ တည်ဆောက်ရပါတော့မယ်။ အဲဒီ အပြောင်းအလဲမှာ မားဇ်ဟာ ပဲ့ကိုင်ရှင် ဖြစ်လာမလား၊ ပြည်တွင်း ပြဿနာတွေနဲ့ ရုန်းကန် နစ်မွန်းရင်း အလျှော့ပေးလိုက်ရမလား ဆိုတာကိုတော့ အချိန်ကာလကပဲ အဖြေပေးသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီ ရွေးကောက်ပွဲရဲ့ ကနဦး မဲရလဒ်တွေအရ ကွန်ဆာဗေးတစ် အင်အားစု (CDU/CSU)က အနိုင်ရဖို့ ကျိန်းသေနေပြီး ဖရိုင်းဒရစ်ချ် မားဇ်ဟာ နိုင်ငံရဲ့ အဓိပတိသစ် ဖြစ်လာနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ လုံခြုံရေး ကဏ္ဍကို ကူညီ အားဖြည့်ပေးနိုင်မယ့် ဥရောပ အစောင့်အရှောက် တပ်တစ်ခုကို ဖွဲ့စည်းဖို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေ ဦးဆောင်ပြီး ကြိုးစားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျာမနီ နိုင်ငံက ခရစ္စမတ် စျေးတန်းတစ်ခုကို ကားနဲ့ ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တဲ့ ဖြစ်ရပ်ကြောင့် အနည်းဆုံး ၂ ဦးသေပြီး လူပေါင်း ၇၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ဂျာမနီနိုင်ငံမှာပြုလုပ်တဲ့ Oldeburg International Film Festival က ၂၀၂၄ ခုနှစ်အတွက် Honorary Tribute Award ကို ဒါရိုက်တာဏကြီး နဲ့ ပိုင်ဖြိုးသုတို့ကို ပေးအပ်ကြောင်း ကြေညာလိုက်ပါတယ်။