လူသားတွေနဲ့ ဆင်တွေကြား ထိပ်တိုက် ပဋိပက္ခ အခြေအနေတွေ ထူပြောနေတာကို ကိုင်တွယ် ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချထားကြောင်း သီရိလင်္ကာ အစိုးရက ကြေညာခဲ့ပါတယ်။
အာရှတောင်ပိုင်းက ကျွန်းနိုင်ငံမှာ လူတွေနဲ့ တောဆင်ရိုင်းတွေကြား ပုံစံမျိုးစုံနဲ့ ထိတွေ့ရင်ဆိုင် ပဋိပက္ခတွေကြောင့် နှစ်ဖက်စလုံး ဆုံးရှုံးမှုတွေ ကြုံခဲ့တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒမ်မင်ကာ ပါတာဘန်ဒီက ပြောကြားခဲ့ပါတယ်။
သူက တောဆင်ရိုင်းတွေ အဓိက ကျက်စားရာ ကြိုးဝိုင် သစ်တော ဧရိယာတွေမှာ လျှပ်စစ်ဓာတ်အား လွှတ်ထားတဲ့ စည်းရိုးတွေ ပိုမို ချဲ့ထွင် ကာရံတာ၊ အစောင့်အကြပ်တွေ တိုးမြှင့် ချထားတာတွေ လုပ်ဆောင်ပြီး ဆင်ရိုင်းတွေက လူနေ ကျေးရွာတွေထဲ ဝင်ရောက် ဖျက်ဆီးတာမျိုး အခြေအနေတွေကို လျှော့ချဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
လူတွေနဲ့ ဆင်တွေကြားက ပဋိပက္ခတွေကို လျှော့ချနိုင်ရေးအတွက် ရန်ပုံငွေ ပိုမိုအသုံးချဖို့ အစိုးရက သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ အချိန်တိုအတွင်း ထိရောက်တဲ့ အစီအမံတွေ အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်ကြောင်း ပါတာဘန်ဒီက ဆိုပါတယ်။

Public Service Announcement
အစိုးရရဲ့ စာရင်းတွေအရ ၂၀၁၅ ကနေ ၂၀၂၄ ခုနှစ် အတောအတွင်း သီရိလင်္ကာမှာ လူသားတွေနဲ့ ဆင်တွေကြား ပြဿနာတွေကြောင့် လူ ၁၁၉၅ ယောက်နဲ့ ဆင် ၃၄၈၄ ကောင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
နောက်ပြီး အခုနှစ် ဇန်နဝါရီလမှာတော့ အဲဒီ စာရင်းထဲကို အသေအပျောက် လူ ၃ ဦးနဲ့ ဆင် ၄၃ ကောင် ထပ်တိုးလာခဲ့ပါတယ်။
အတိုက်အခံ အမတ်တစ်ဦးဖြစ်တဲ့ နာလင် ဘန်ဒါရာက အဲဒီ ကိန်းဂဏန်းတွေဟာ တုန်လှုပ်စရာ ကောင်းလောက်အောင် မြင့်မားနေပြီး အစိုးရ အနေနဲ့ ပြည်သူလူထုကို ပိုမို အကာအကွယ်ပေးဖို့၊ တစ်ဖက်မှာလည်း တောရိုင်း တိရစ္ဆာန်တွေ ထိခိုက်မှု မဖြစ်အောင် ထိန်းသိမ်းကြပ်မတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
နောက်ပြီး တောဆင်ရိုင်းတွေကို ဖယ်ရှားရှင်းလင်းရတဲ့ စရိတ်စကတင် ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း အမေရိကန်ဒေါ်လာ ၁၁.၆ သန်းဖိုးလောက် ငွေကြေး သုံးစွဲခဲ့ရတာ၊ တောဆင်ရိုင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သက်ရောက်သူတွေကို ဒေါ်လာ ၄ သန်း နစ်နာကြေး ပေးခဲ့ရတာတွေကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
သီရိလင်္ကာမှာ ဆင်တွေကို သတ်ဖြတ်တာ၊ ရန်ပြုတာတွေကို ဥပဒေနဲ့ တားမြစ်ထားပါတယ်။ တောဆင်ရိုင်း ကောင်ရေ ၇၀၀၀ လောက် မှီတင်းနေထိုင်ရာ သီရိလင်္ကာ နိုင်ငံမှာတော့ အဲဒီ တိရစ္ဆာန်တွေကို နိုင်ငံရဲ့ အလေးအမြတ်ထားရာ ရတနာ တစ်ခုလို သတ်မှတ်ထားပါတယ်။
တစ်ဖက်မှာလည်း ဆင်ရိုင်းအုပ်တွေက ကြိုးဝိုင်းသစ်တောတွေ အနီးတဝိုက် မြို့တွေ၊ ရွာတွေ၊ စိုက်ခင်းတွေထဲ ဝင်ရောက် မွှေနှောက် ဖျက်ဆီးတာ၊ လူတွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို သတ်ဖြတ်တာမျိုး ပြဿနာတွေဟာ လူသားတွေအတွက် ခေါင်းခဲစရာ ဖြစ်လာပါတယ်။
ဒါကြောင့် ဆင်တွေရဲ့ဒဏ်ကို မခံနိုင်တဲ့ တချို့ရွာသားတွေက ပစ်သတ်တာ၊ အဆိပ်ခတ်တာ၊ ထောင်ချောက်ဆင်တာတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ တချို့ ဖြစ်စဉ်တွေမှာတော့ သစ်သီးဝလံတွေမှာ လက်လုပ်မိုင်းတွေ တပ်ဆင်ပြီး ထောင်ချောက်ဆင်ကြလို့ ဆင်တွေဟာ ပြင်းထန်စွာ ဒဏ်ရာရပြီး နာနာကျင်ကျင် ခံစားရင်း သေဆုံးကြရပါတယ်။
နောက်ပြီး ဆင်တွေဟာ စားကျက်နယ်မြေတွေထဲ ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရထားလမ်းတွေကြောင့် ရထားတိုက်တာ ခံရပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
အခုလထဲမှာတင် သီရိလင်္ကာ အရှေ့ပိုင်း တစ်နေရာမှာ ဆင်အုပ်ကို ဝင်တိုက်လို့ ရထားတစ်စီး လမ်းချော်ခဲ့ပြီး ဆင်အုပ်ထဲမှာလည်း ဆင်သားပေါက် ၄ ကောင် အပါအဝင် ၇ ကောင် သေဆုံးခဲ့ပါတယ်။ ဒါဟာ ဆင်နဲ့လူတွေကြား ပဋိပက္ခကြောင့် သီရိလင်္ကာမှာ ကြုံတွေ့ဖူးတဲ့ အဆိုးဆုံး ထိခိုက်သေဆုံးမှု ဖြစ်စဉ် တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
သီရိလင်္ကာမှာ နေထိုင်တဲ့ အာရှဆင် မျိုးနွယ်တွေဟာ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမဂ္ဂ (INCN)က မျိုးသုဉ်းလုနီးပါး အန္တရာယ် ကြုံနေတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်တာ ခံထားရပါတယ်။ ကမ္ဘာပေါ်မှာ သဘာဝအတိုင်း ရှင်သန်ကျက်စားတဲ့ အာရှဆင် ၂၆၀၀၀ လောက် ရှိနေပြီး အများစုက အိန္ဒိယ နိုင်ငံပိုင်နက်ထဲမှာလို့လည်း သိရပါတယ်။
ကိုးကား: AFP
