close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုရှုတ်ချ​ကြောင်းအဆိုအား အမေရိကန် ကန့်ကွက်

အဆိုကို ထောက်ခံ​သောနိုင်ငံများ၍မဲအသားစီးရပြီး အတည်ပြု

ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း အဆိုတစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA)မှာ တင်သွင်းခဲ့ရာမှာ အမေရိကန်ဟာ ရုရှားဖက်က ရပ်တည်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြောင်း သိရပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲဖြစ်ပွားမှု ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက ရုရှားရဲ့ ကျူးကျော်စစ်ကို ရှုတ်ချကြောင်းနဲ့ ရုရှားတပ်တွေ ယူကရိန်းကနေ အမြန်ဆုံး ဆုတ်ခွာရေးကို တိုက်တွန်းကြောင်း အဆိုတင်ခဲ့ပြီး ထောက်ခံမဲ အရေအတွက် အသာစီးနဲ့ အောင်မြင်ခဲ့ပါတယ်။

ဒါပေမဲ့ ထူးခြားမှု တစ်ခုအဖြစ် ယူကရိန်း စစ်ပွဲတလျှောက် အဲဒီ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ ကုလသမဂ္ဂ အဆိုတင်မှုတွေမှာ ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ဟာ ရုရှားဖက်ကနေ ရပ်တည်ခဲ့ပါတယ်။

ဒီအချက်က အမေရိကန်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ ယူကရိန်း အရေးနဲ့ ပတ်သက်လို့ အံ့ဩစရာ ကောင်းလောက်အောင် မူဝါဒပိုင်း ကြီးကြီးမားမား ပြောင်းလဲလာတယ် ဆိုတာကို မြင်သာစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း ကိစ္စ UNGA အဆိုတင်မှု တစ်ခုမှာ အမေရိကန်က ရုရှားနဲ့ တစ်ဖက်တည်း ရပ်တည်ခဲ့တာဟာ ထရမ့်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ တိုက်ရိုက် ဖုန်းဆက်ပြီး ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးပြီးချိန်မှာ ကြုံလာရတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထရမ့်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ပူတင်အပေါ် ခါးသီးတဲ့ အမြင် သဘောထားတွေကို သိသိသာသာ ပြသလာခဲ့ပါတယ်။

ဥရောပ နိုင်ငံတွေက UNGAမှာ ထောက်ခံတင်သွင်းတဲ့ အဆိုပြုချက်ကတော့ ရုရှားနဲ့ အမေရိကန်တို့ ကန့်ကွက်တဲ့တိုင် ထောက်ခံမဲ ၉၃ ခုနဲ့ အောင်မြင်ခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့မှုဟာ ၃ နှစ် ကြာမြင့်တဲ့ထိ တည်မြဲနေဆဲဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ယူကရိန်းကိုသာ မကဘဲ တခြားဒေသတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ဆိုးကျိုး သက်ရောက်စေတယ်လို့ အဲဒီ အဆိုမှာ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် ပဋိပက္ခ လျော့ပါးစေရေး၊ ရန်လိုတိုက်ခိုက်မှုတွေကို အမြန်ဆုံး လျှော့ချပြီး ယူကရိန်း ပြဿနာကို ဆွေးနွေး ညှိနှိုင်းမှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တောင်းဆိုကြောင်း အဆိုပြုထားတာပါ။

အဲဒီ အဆိုပြုချက်ကို တန်ပြန်တဲ့ သဘောနဲ့ အမေရိကန်ဟာ UNGAက အဆိုနဲ့ သဘောတရားချင်း ယေဘုယျ တူညီတဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆိုင်ရာ အဆိုတစ်ခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)မှာ သီးခြား တင်သွင်းခဲ့ပြီး အဲဒီ အဆိုထဲမှာတော့ ရုရှားကို ကျူးကျော်သူ အဖြစ် ညွှန်းဆိုတာမျိုး မရှိခဲ့သလို ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်နက်ကိုလည်း အသိအမှတ် ပြုထားခြင်း မရှိပါဘူး။ UNSCက အမေရိကန်ရဲ့ အဆိုကလည်း ထောက်ခံမဲ ၁၀ မဲနဲ့ အတည်ပြုခဲ့ပေမယ့် UNSC အဖွဲ့ဝင် ဥရောပ ၅ နိုင်ငံစလုံးက ထောက်ခံမဲ မပေးဘဲ ကြားနေခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး ဗာဆီလီ နီဘန်ဇ်ညာကတော့ အမေရိကန်ရဲ့ စာမျက်နှာ သုံးခုပါ အဆိုပြုချက်ဟာ စင်းလုံးချော ပြီးပြည့်စုံနေတဲ့ အခြေအနေ မဟုတ်သေးပေမယ့် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အပြုသဘောဆန်တဲ့ ခြေလှမ်းအစလို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။ ရုရှားဟာ အဲဒီအဆိုကို ထောက်ခံမဲ ပေးခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ယာယီ သံအမတ် ဒေါ်ရသီ ရှီးယားကတော့ အဲဒီ အဆိုပြု UNSCမှာ အောင်မြင်ခဲ့တယ် ဆိုတာဟာ စစ်ရေး ပဋိပက္ခကို အဆုံးသတ်နိုင်မယ့် ပထမဆုံး ပီပြင်ခိုင်မာတဲ့ အရွေ့တစ်ခုလို့ ညွှန်းဆိုသွားပါတယ်။

ဗြိတိန် သံအမတ် ဘာဘရာ ဝုဒ်ဝက်ဒ်ကတော့ အခုကိစ္စမှာ ဘယ်နိုင်ငံကမှ ယူကရိန်းထက်ပိုပြီး ငြိမ်းချမ်းရေးကို မက်မက်မောမော လိုလားနေမှာ မဟုတ်ကြောင်း၊ အရေးကြီးတာက ငြိမ်းချမ်းရေး ဆိုတာဟာ ရေတို မဟုတ်ဘဲ UNGAမှာ ဥရောပ နိုင်ငံတွေ အဆိုပြုထားတဲ့ အချက်အလက်တွေကိုပါ အသိအမှတ်ပြုပြီး ရေရှည် တည်မြဲဖို့ လိုကြောင်း မှတ်ချက်ပေးသွားပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်ကတော့ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး အားထုတ်မှု မှန်သမျှဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ ကုလသမဂ္ဂ ပဋိညာဉ် ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ လေးစားလိုက်နာရမှာ ဖြစ်ကြောင်း မဲခွဲမှု မတိုင်ခင် တစ်ရက်မှာ သတိပေး ပြောကြားထားခဲ့ပါတယ်။

ကိုးကား- France 24

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ သဘောထား ကွဲလွဲမှုတွေကို ညှိနှိုင်းဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

သတင်း

ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်း အစိတ်အပိုင်း တစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက မြန်မာနဲ့ နားလည်မှု စာချွန်လွှာစာချုပ်ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အရှေ့ ဥရောပ ဒေသမှာ NATO စစ်မဟာမိတ် တပ်ဖွဲ့တွေ ဖြန့်ကျက်ထားမှုကို ရုပ်သိမ်းစေဖို့ ရုရှားက အမေရိကန်ကို တောင်းဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လေယာဉ်ငယ်နှစ်စီး လေထဲမှာ တိုက်မိကြရာက လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။