ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်း အစိတ်အပိုင်း တစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက မြန်မာနဲ့ နားလည်မှု စာချွန်လွှာစာချုပ်ကို လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေး နီးစပ် ကောင်းမွန်တဲ့ ရုရှား အစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာနက ထားဝယ်အထူးစီးပွားရေဇုန်( SEZ)ထဲမှာ ဆိပ်ကမ်းတစ်ခု၊ ရေနံချက် စက်ရုံတစ်ခု တည်ဆောက်ရေး ကိစ္စတွေ ပါဝင်မယ့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို နှစ်ဖက် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ရုရှားရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး မက်ဆင်မ် ရက်ရှ်ဟတ်နီကော့ဗ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်တို့ဟာ ရက်ရှ်ဟတ်နီကော့ဗ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သဘောတူ လက်မှတ်ရေးထိုးမှု လုပ်ဆောင်နိုင်ခဲ့တာလို့ ရုရှားဖက်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စာချုပ်ထဲမှာတော့ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံနဲ့ စွမ်းအင် စီမံကိန်းတွေအတွက် ရုရှားကုမ္ပဏီတွေပါဝင်ပူးပေါင်း လုပ်ဆောင်မှုဆိုင်ရာ အခြေခံ အကြောင်းအရာတွေ ပါဝင်ကြောင်း ရက်ရှ်ဟတ်နီကော့ဗ်ရဲ့ အဆိုကို ဝန်ကြီးဌာန ကြေညာချက်မှာ ထည့်သွင်း ကိုးကားထားပါတယ်။

Public Service Announcement
ဆွေးနွေး ညှိနှိုင်းထားတဲ့ အပိုင်းတွေက ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတစ်ခုနဲ့ ရေနံချက် စက်ရုံတစ်ခု တည်ဆောက်ရေးတွေ ပါဝင်ပါတယ်။ရေနံချက်စက်ရုံ တည်ဆောက်ရေးဟာ လုပ်ထုံးလုပ်နည်းအရအရှုပ်ထွေးဆုံး ဖြစ်နေကြောင်း၊ပြီးတော့အဲဒီကိစ္စအတွက်အပြီးသတ်ဆုံးဖြတ်ချက်တော့ မချရသေးကြောင်း ဝန်ကြီးက ပြောပါတယ်။
ရုရှား ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ ရေနံချက်စက်ရုံထည့်သွင်း တည်ဆောက်ရေးကို စစ်ကောင်စီဖက်က တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီလို စီမံကိန်းမျိုးနဲ့ ပတ်သက်လို့ ရုရှား ကုမ္ပဏီတွေက စီးပွားရေး ရှုထောင့်ကနေ ချင့်ချိန် စဉ်းစားနေဆဲလို့ ရက်ရှ်ဟတ်နီကော့ဗ်က ပြောကြားထားခဲ့ပါတယ်။
ရုရှား ဝန်ကြီးဌာနရဲ့ဖော်ပြချက်အရထားဝယ် SEZ စီမံကိန်းဟာ ၁၉၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ နေရာမှာ လျာထားပြီး နည်းပညာမြင့် စက်မှုဇုန်တွေ၊ ကပ္ပလီပင်လယ်နဲ့ ဆက်စပ်မယ့် ရေနက်ဆိပ်ကမ်းတွေ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက် နည်းပညာ ဌာနတွေ၊ ပို့ကုန် စီမံခန့်ခွဲရေးဇုန်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့် ဖေဖော်ဝါရီ ၂၄ ရက်နေ့သတင်းစာတွေမှာတော့ မြန်မာ-ရုရှားအစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ရဲ့ ၅ ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော် MICC -2 မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကပြုလုပ်ခဲ့ပြီး စာချုပ် ၉ ခုကိုလက်မှတ်ရေးထိုးတယ်လို့ဖော်ပြပါတယ် ။စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ ၊ ဘဏ်လုပ်ငန်း ၊ပညာရေး ၊ဆက်သွယ်ရေး ၊နည်းပညာနဲ့ လူသားချင်းစာနာထောက်ထားမှု နဲ့ဆိုင်တဲ့ သဘောတူစာချုပ်တွေလို့ဆိုပေမယ့် အသေးစိပ်မဖော်ပြထားပါဘူး။
ရုရှားအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး တိုက်လေယာဥ်တွေ ၊ ဒရုန်းတွေ ၊စစ်လက်နက်နဲ့ ခဲယမ်းတွေ ကစ လောင်စာဆီအဆုံး အဓိကရောင်းချပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။ ရုရှား တိုက်လေယာဥ်မှူးတွေကိုယ်တိုင် မြန်မာနိုင်ငံစစ် ပွဲတွေမှာ တိုက်လေယာဥ်နဲ့ နည်းပညာပိုင်းကူပေးသလို တချို့တိုက်ပွဲတွေမှာ ရုရှားလေယာဥ်မှူးတွေကိုယ်တိုင် မောင်းပေးနေတယ်လို့ တော်လှန်ရေးအင်အားစုတချို့ကပြောထားပါတယ်။ ဒါပေမယ့် ပြည်တွင်းတိုက်ပွဲတွေမှာ ရုရှားစစ်သားတွေပါဝင်တယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားတွေတော့ ဒီနေ့အထိ့လူသက်သေအနေနဲ့ ပြနိုင်တာမရှိသေးပါဘူး။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ချိန် ကတည်းက ရုရှားနဲ့ မြန်မာကြားက ဆက်ဆံရေးဟာ ပိုမို နီးကပ် လာခဲ့တာလည်း ဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာဟာစွမ်းအင်ကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်တာတွေ ပိုမို မြှင့်တင်နိုင်ဖို့လည်း ဆွေးနွေးနေပြီး မြန်မာရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ရန်ကုန်မှာဓါတ်ငွေ့ပိုက်လိုင်းတစ်ခု တည်ဆောက်ရေးကိုလည်း ညှိနှိုင်းနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရေး ကိစ္စကိုလည်း ရုရှားက အစီအစဉ် ရေးဆွဲထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းကို ကနဦးမြန်မာအစိုးရနဲ့ အီတာလျံထိုင်းကုမ္ပဏီ(ITD)တို့ ပူးပေါင်းရင်းနှီးမြှပ်နှံဖို့စီစဥ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် ITD က ထွက်ခွာသွားပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ ဂျပန်ကရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ရုရှားကို ရင်းနှီးမြှပ်နှံဖို့ စတင်ကမ်းလှမ်းတာလို့ စုံစမ်းသိရပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံကလည်းစိတ်ဝင်စားလာတယ်လို့ သတင်းတွေထွက်ပေါ်လာပေမယ့် စစ်ကောင်စီက ရုရှားနဲ့ စာချုပ်ချုပ်ဆိုတာဖြစ်ပါတယ်။
ကိုးကား: GCaptain
