အစ္စရေး နိုင်ငံက ဘတ်စ်ကားတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး မီးစွဲလောင်ခဲ့တဲ့ ကိစ္စဟာ အကြမ်းဖက် တိုက်ခိုက်မှုလို့ ရဲတပ်ဖွဲ့က သံသယရှိနေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
တဲလ်အဗစ်ဗ်မြို့ တောင်ပိုင်းမှာရှိတဲ့ ဘတ်ယမ်ဧရိယာမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းက ဘတ်စ်ကား သုံးစီး ပေါက်ကွဲပြီး မီးတွေ လောင်ကျွမ်းခဲ့တာပါ။ နောက်ထပ် ဘတ်စ်ကား နှစ်စီးပေါ်မှာလည်း စနက်တံ အသက်မဝင်ခဲ့တဲ့ ဖောက်ခွဲရေး ကိရိယာတွေကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။
ဒီဖြစ်စဉ်အပြီး ပို့ဆောင်ရေးဝန်ကြီး မီရီ ရီဂျက်ဖ်က ပြည်သူ့ သယ်ယူပို့ဆောင်မှု ဝန်ဆောင်မှုဆိုင်ရာ ဘတ်စ်ကားတွေ၊ ရထားတွေ အားလုံးကို နိုင်ငံအနှံ့မှာ ပြေးဆွဲမှု ဆိုင်းငံ့ထားစေပြီး လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားလိုက်ပါတယ်။
ဘတ်စ်ကားတွေဟာ ရပ်နားထားတဲ့ အချိန်မှာ ပေါက်ကွဲခဲ့တာလို့ ယုံကြည်ရပြီး ထိခိုက်သေဆုံးမှု သတင်းတော့ မကြားရပါဘူး။ လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ပါကင်ဧရိယာ တစ်ခုမှာ ဘတ်စ်ကားတစ်စီးကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို မြင်ခဲ့ရပါတယ်။

Public Service Announcement
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အာယာ ဒိုရန်ကတော့ ရဲအင်အား အလုံးအရင်း အသုံးပြုပြီး အခင်းဖြစ်တဲ့ နေရာတွေ တဝိုက်မှာ နောက်ထပ် ဖောက်ခွဲရေး ပစ္စည်းတွေ ရှိနိုင်သေးသလား ဆိုတာကို ဖြန့်ကျက် ရှာဖွေနေတယ်လို့ ပြောပါတယ်။
ကနဦး စုံစမ်းမှုတွေအရ အကြမ်းဖက်သမားတွေဟာ ထပေါက်ကွဲစေမယ့် အချိန်တွေကို နေ့နဲ့ည မှားယွင်း သတ်မှတ်ထားတယ်လို့ ယုံကြည်ရကြောင်း၊ ဒါကြောင့်လည်း လူသူမရှိတဲ့ အချိန်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ ယူဆရကြောင်း ဒိုရန်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ ကိစ္စကလည်း ထင်ကြေးအဆင့်သာ ရှိသေးပြီး အပူတပြင်း စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သူက ဆက်ပြောခဲ့ပါတယ်။
ဒေသခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ မပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲရေး ကိရိယာတွေဟာ ၅ ကီလိုဂရမ်လောက် အလေးချိန်ရှိပြီး တူလ်ကာရမ်အတွက် ကလဲ့စားလို့ စာရေးပြီး ကပ်ထားတယ်လို့ သိရပါတယ်။ တူကာရမ် ဆိုတာဟာ ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးက ဆင်နွှဲခဲ့တဲ့ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးကို ရည်ညွှန်းတာပါ။
ဘတ်စ်ကားတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာတွေကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ပါလက်စတိုင်း ဒုက္ခသည် စခန်းတွေမှာ ခိုလှုံ ပုန်းအောင်းနေနိုင်တဲ့ အကြမ်းဖက်သမားတွေကို ပိုပြီး နှိုူက်နှိုက်ချွတ်ချွတ် ရှာဖွေဖို့ အစ္စရေး စစ်တပ်ကို ညွှန်ကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘတ်ယမ် ဧရိယာက ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း အချိန်နဲ့ တပြေးညီ အစီရင်ခံမှုတွေ လက်ခံ ရရှိနေကြောင်း အစ္စရေး အစိုးရက ထုတ်ပြန်သွားခဲ့ပါတယ်။
ကိုးကား: Times of Israel
