ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)အနီး တနေရာသို့ လာသည့် စစ်ကောင်စီတပ် ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်ပူးပေါင်းတပ်ကပစ်ခတ်ရာရဟတ်ယာဉ် မဆင်း သတ်နိုင်ဘဲ နောက်ပြန်လှည့်သွားရကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ဗန်းမော်ရှိ လေယာဉ်ကွင်း တစ်ခုလုံးအပါအဝင် စကခ(၂၁)အနီး ရှိခလရ(၂၃၆)၊ အမတ(၃၆၆) တို့ကို KIAနှင့်မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်ထားသည်။ဖေဖော်ဝါရီ ၂၁ရက်တွင် စစ်ကောင်စီ ရဟတ်ယာဉ် ၂စီးက စကခ(၂၁)အနီးတနေရာကို ဆင်းသက်နိုင်ရန် ကြိုးပမ်းလာစဥ် တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ယနေ့ မွန်းလွဲ စကခ(၂၁) နောက်ကြော အောက်သားကျွန်း မှာ ရဟတ်ယာဉ် ၂ စင်း လာဝဲ၊ မိမိဘက်မှပစ်ခတ်ရာလူနာ နဲ့ အလောင်းဆင်းကောက်မရ ပြန်ခေါက်ပြေး၊ ငှက်ကင်စျေး စုံစမ်းနေတယ်” ဟု KIA ၏ စခန်းသိမ်းတိုက်ပွဲ သတင်းများ ပုံမှန်အသိပေးနေသည့် စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်မှ တဆင့် အသိပေးရေးသားထားသည်။

Public Service Announcement
ယင်းနှင့်ပတ်သက်၍ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကိုမေးမြန်ရာ မှန်ကန်ကြောင်း အတည်ပြုသည်။
“သူတို့အကြီးပိုင်းတချို့ထပ်ထိလို့ဟုယူဆ” ဟု ရဟတ်ယာဉ် ဆင်းသက်ရန် ကြိုးပမ်းမှု အခြေ
အနေကိုပြောသည်။
စစ်ကောင်စီအနေဖြင့် ဗန်းမော်တိုက်ပွဲသို့ လေကြောင်း ပစ်ကူပေးခြင်း၊ လေကြောင်းမှ ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းခြင်းသာ လုပ်နိုင်ပြီး မြေပြင် စစ်ကူ မပေးနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်ကို စစ်ကောင်စီက တိုက်လေယာဉ် ၊ Y12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်များပြုလုပ်သော်လည်း ထောက်ပို့ ရဟတ်ယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြု တိုက်ခိုက်နိုင်ခြင်းမရှိပေ။ KIAသည် ၂၀၂၄ ဇန်နဝါရီ လဆန်းရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ခလရ(၁၂၃) တပ်ရင်း သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတိုက်လေယာဉ် ၁စီးကိုပစ်ချနိုင်ခဲ့သည်။ ထို့ပြင် ၂၀၂၄ ဇန်နဝါရီ လဆန်းကပင် KIA ဌာနချုပ်ဟောင်း နားဖော့ဒေသသို့ လာသည့် စစ်ကောင်စီ ရဟတ်ယာဉ်ကို KIAက ပစ်ခတ်ရာ ရဟတ်ယာဉ် ပျက်ကျခဲ့ပြီး အရာရှိ စစ်သည်များ သေဆုံးခဲ့သည်။ ထို့ပြင် စစ်တပ်အာဏာသိမ်းစကလည်း မိုးမောက်တိုက်ပွဲအတွင်း စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို KIAက ပစ်ချထားသည်။
KIA နှင့် မဟာမိတ်များ၏ ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အမှတ် (၂၃၆ )ခြေလျင်တပ်ရင်း (ခလရ-၂၃၆)အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း ၊ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်း ၊ အမှတ် (၃၆၆) အမြောက်တပ်ရင်း၊ ဗန်းမော်လေယာဥ်ကွင်း ၊စရဖရုံး နှင့် ဗန်းမော်မြို့အတွင်းစစ်တပ်တပ်စွဲရာနေရာအများအပြားကို သိမ်းပိုက်ထားသည်။ တော်လှန်ရေးတပ်များက စကခ (၂၁) နှင့် လက်ကျန်တပ်ရင်းများ၊တပ်ရင်းဌာနချုပ်များကိုသိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်။
