ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား နှစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းက သတင်းထုတ်ပြန်သည်။
မတ္တရာမြို့နယ် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို မန္တလေး PDFနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်စဥ် ဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို ရွှေဘိုခရိုင်အမှတ်(၁၈) တပ်ရင်း ဖြတ်တောက်ရေးတပ်ဖွဲ့နှင့် နယ်မြေခံ ပကဖများက လမ်းမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နှစ်ဦးကို ဖမ်းဆီးရမိပြီးMA-11 သေနတ် တစ်လက်၊ G-3 သေနတ် တစ်လက်၊ BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈) တပ်ရင်းက ယနေ့(ဇူလိုင် ၁၉ရက်) ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။
ဖမ်းဆီးရမိသည့်နေ့ရက်နှင့် နေရာကိုမူ အသိပေးထားခြင်းမရှိပေ။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မတ္တရာမြို့နယ်တွင် မန္တလေး PDFနှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ် စခန်းအရေအတွက် ၂၈ခုထိ သိမ်းပိုက်ရရှိထားသည်။ စစ်ဆင်ရေးများတွင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း မန္တလေး PDFက သိမ်းဆည်းရရှိထားသည်။
