ထိုင်းနိုင်ငံက ကြယ်ငါးပွင့် ဟိုတယ်မှာ ဗီယက်နမ် ၆ ဦး အစုလိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ရှုပ်ထွေးမှုတွေ၊ ပဟေဠိတွေ ရှိနေဆဲလို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ ဟိုတယ် ဝန်ထမ်းတွေရဲ့ ဆက်သွယ် တိုင်ကြားမှုအရ ဇူလိုင် ၁၆ ရက် ညနေပိုင်းက Grand Hyatt Erawan ဟိုတယ်ကို သွားရောက် စစ်ဆေးရာမှာ ပဟေဠိဆန်ဆန် အစုလိုက် သေဆုံးနေသူ ဗီယက်နမ် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးကို သူတို့ငှားရမ်းထားတဲ့ အခန်းထဲမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက ၂ ဦးဟာ အမေရိကန် နိုင်ငံသား ခံယူထားသူတွေပါ။
အစောပိုင်းက ဟိုတယ်မှာ ပစ်ခတ်သံတွေ ကြားခဲ့တယ်ဆိုတဲ့ ကောလာဟလတချို့ ထွက်ပေါ်ခဲ့ပေမယ့် ရဲတွေကတော့ သေဆုံးမှု အားလုံးဟာ အဆိပ်မိတာကြောင့်လို့ ကောက်ချက်ချခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်ကိုယ်တိုင် သတင်းကြားပြီး မကြာခင် အခင်းဖြစ်ရာ ဟိုတယ်ထိ ရောက်လာပြီး ရဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရဲတွေက ရှာတွေ့တဲ့အချိန်မှာ ဗီယက်နမ် ၆ ဦးရဲ့ သေဆုံးပြီးချိန် ၂၄ နာရီလောက် ကြာခဲ့ပြီးပြီလို့ ယူဆခဲ့ကြောင်း၊ သေမှုသေခင်းဆိုင်ရာ ရင်ခွဲစစ်ဆေးမှု မှတ်တမ်းတွေကိုတော့ ဆက်လက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဆရက်သာက ဆိုပါတယ်။

Public Service Announcement
အခုအချိန်မှာတော့ သေဆုံးမှုတွေရဲ့ နောက်ကွယ်က စေ့ဆော်မှု အကြောင်းရင်းကို ရဲတွေက ဖော်ထုတ်နိုင်ဖို့ အပူတပြင်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆရက်သာက ဆိုပါတယ်။ ဝန်ကြီးချုပ်က အခုဖြစ်ရပ်ဟာ လုပ်ကြံမှု တစ်ခုရဲ့ ရလဒ်လို့ ပြောကြားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။
Grand Hyatt Erawan ဟိုတယ်ဟာ ဘန်ကောက်ကို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေကြား ထင်ရှားတဲ့ ဟိုတယ်တစ်ခု ဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာ သေဆုံးသူတွေထဲက တချို့ဟာ ထိုင်းကို ပထမဆုံး ရောက်ရှိဖူးသူတွေဖြစ်ပြီး တချို့ကတော့ အရင်ကလည်း ရောက်ဖူးတယ်လို့ စုံစမ်းမှုမှ ပါဝင်တဲ့ အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။
ဝန်ကြီးချုပ် ဆရက်သာကတော့ အခုဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံပုံရိပ်တွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဟာ ထိုင်းရဲ့ ပင်မဝင်ငွေ ရင်းမြစ် ထောက်တိုင်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ထိုင်းအစိုးရက ကမ္ဘာလှည့် ခရီးသွား ကဏ္ဍကို မြှင့်တင်ဖို့အတွက် ဗီဇာ ကင်းလွတ် နိုင်ငံအရေအတွက်ကို ၉၃ ခုထိ မြှင့်တင် သတ်မှတ်ပေးလိုက်ချိန်နဲ့ တိုက်ဆိုင်ပြီး အခုလို ထိတ်လန့်စရာ သေမှုသေခင်း ဖြစ်ရပ်ကြီး ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။
စုံစမ်းမှုတွေအရ သေဆုံးသူ ဗီယက်နမ် ၆ ဦးဖြစ်ပေမယ့် အခန်းမှာ နေထိုင်တာ ၇ ဦး ဖြစ်နေပြီး ဟိုတယ်မှာ Check in ဝင်ထားသူကတော့ ၅ ဦးပဲ ရှိပါတယ်။ ဒါကြောင့် ၁ ဦး ပျောက်ဆုံးနေဆဲလို့ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ အကြီးအကဲ သီရာဒက် သွမ်ဆူသီက ပြောပါတယ်။ နောက်ပြီး သေဆုံးနေသူတွေထဲက ၁ ဦးဟာ ဟိုတယ်မှာ စာရင်းသွင်းထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှု မရှိပြန်ပါဘူး။
သီရာဒက်က အခုဖြစ်စဉ်ကို လူသတ်မှုလို့ တပ်အပ် မစွပ်စွဲသေးပေမယ့် တစ်ယောက်ယောက်က အဲဒီလူစုကို အန္တရာယ်ဖြစ်စေဖို့၊ ဒါမှမဟုတ် သေစေဖို့ ကြံစည် အားထုတ်တာမျိုး ရှိခဲ့နိုင်တယ်လို့ သံသယ ဖြစ်စရာတွေ တွေ့ထားကြောင်း မှတ်ချက်ပေးသွားပါတယ်။
သေဆုံးနေသူတွေဟာ ဟိုတယ်ကနေ Check outလုပ်ဖို့ ရည်ရွယ်ဟန်နဲ့ ခရီးဆောင် အိတ်တွေကို အသင့်ပြင်ဆင်ထားခဲ့တာ တွေ့ရပြီး အနားမှာ မှာယူထားတဲ့ အစားအသောက်တွေကိုလည်း တွေ့ရပါတယ်။ ရဲတွေ ရှာတွေ့ချိန်မှာ အစားအသောက်တွေက ပလတ်စတစ် အစွပ်တွေတောင် မဖယ်ရသေးတဲ့ထိ အရာမယွင်း ရှိနေပေမယ့် ရေချိုးခန်းထဲမှာတော့ ဖွင့်သောက်ထားတဲ့ လက်ဖက်ရည်တွေ၊ စွမ်းအားဖြင့် အချိုရည်တွေ၊ ပျားရည် သံဘူးတွေကို တွေ့ခဲ့ရပါတယ်။
စုံစမ်းမှုတွေအရ အဲဒီနေရာမှာ ခိုက်ရန်ဖြစ်ထားတာ၊ ဓားပြတိုက်ခံထားရတာမျိုး လက္ခဏာတွေ မတွေ့ခဲ့ရပါဘူး။ သေဆုံးသူတွေထဲက ၂ ဦးဟာ အဆိပ်မိနေတဲ့ အချိန်မှာ ဟိုတယ်ခန်း တံခါးဆီ သွားရောက်ဖို့ ကြိုးစားရင်း မအောင်မြင်ခဲ့တဲ့ အထောက်အထားမျိုး တွေ့ရပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုကိစ္စနဲ့ ပတ်သက်တဲ့ စုံစမ်းမှုတွေကို အနီးကပ် လေ့လာ စောင့်ကြည့်မယ်လို့ ကြေညာခဲ့ပြီး သေဆုံးသူတွေနဲ့ မိသားစုဝင်တွေအတွက် စာနာဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး မီလာက စုံစမ်းမှုအတွက် လိုအပ်တဲ့ အကူအညီ မှန်သမျှကိုလည်း အမေရိကန်က ပေးအပ်ဖို့ အသင့်ပြင်ထားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးကိုယ်တိုင် အခင်းဖြစ်ရာ ဟိုတယ်ဆီ သွားရောက်ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့သလို စုံစမ်းစစ်ဆေးမှုတွေမှာလည်း သံရုံးက ထဲထဲဝင်ဝင် ကူညီပေးနေတယ်လို့ ပြောကြားသွားပါတယ်။
ကိုးကား: BBC
