ရေပိုင်နက် အငြင်းပွားမှုတွေ မြင့်တက်နေတဲ့ ကာလအတွင်း တရုတ်ရဲ့ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စု (CSG) တစ်ခုဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနားကနေ ဖြတ်ကျော် ခုတ်မောင်းပြခဲ့ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်ရေတပ်ရဲ့ ရှန်ဒေါင်း လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ CSGဟာ ဖိလစ်ပိုင် ပင်လယ်ထဲမှာ ခုတ်မောင်းနေခဲ့တယ် ဆိုတာကို ဇူလိုင် ၁၀ ရက်နေ့က အတည်ပြု ကြေညာခဲ့ပါတယ်။ အဲဒီ CSGဟာ ထိုင်ဝမ်ကျွန်းနားက ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မယ်လို့ ယူဆရပါတယ်။ လေယာဉ်တင် သင်္ဘောပေါ်မှာ တိုက်လေယာဉ် ဒါဇင်တချို့ တင်ဆောင်သွားတယ်လို့ ယုံကြည်ရကြောင်းလည်း ထိုင်ဝမ်က ဆိုပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ် လေပိုင်နက် အနီးတဝိုက်မှာ တရုတ်ရဲ့ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ ဒရုန်းတွေ အပါအဝင် စုစုပေါင်း လေယာဉ် ၃၇ စီးလောက် ပျံသန်းခဲ့တာကို ထောက်လှမ်း တွေ့ရှိရကြောင်းလည်း ထိုင်ဝမ်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလေယာဉ် တချို့ဟာ ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်မှာ ရှန်ဒေါင်းဦးဆောင်တဲ့ CSGနဲ့ သွားရောက်ပူးပေါင်းပြီး ပင်လယ်ပြင်နဲ့ လေကြောင်း စစ်ရေးလေ့ကျင့်မှု အစီအမံတွေကို အကောင်အထည် ဖော်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement
ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဝယ်လင်ကူက တရုတ် လေယာဉ်တင်သင်္ဘောရဲ့ ရွေ့လျားမှု လမ်းကြောင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ တရုတ်ဟာ ဖိလစ်ပိုင်နဲ့ တင်းမာမှုတချို့ ရှိနေတဲ့တိုင်အောင် အခု လေယာဉ်တင် သင်္ဘောရဲ့ လှုပ်ရှားမှုဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
တရုတ် CSGဟာ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ် ပိုင်းခြားထားတဲ့ ဘာရှီ ရေလက်ကြားကို ဖြတ်သန်းခဲ့တာတော့ မတွေ့ရဘူးလို့လည်း ကူက ဆက်ပြောပါတယ်။ အဲဒီရေလမ်းကြောင်းဟာ တရုတ်ရဲ့ စစ်လေယာဉ်တွေ၊ စစ်ရေယာဉ်တွေ မကြာခဏ ဖြတ်သန်းလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
ရှန်ဒေါင်း ဦးဆောင်တဲ့ CSGက ဖိလစ်ပိုင် ရေပိုင်နက်နားက ဖြတ်သန်းပြီး ထိုင်ဝမ်ဖက်ကို ဦးတည်ခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ ဒီအတောအတွင်း ဖိလစ်ပိုင် စစ်တပ်ကလည်း တရုတ် CSGတစ်ခုရဲ့ ရွေ့လျားမှုနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား စောင့်ကြည့်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒေသတွင်းက နိုင်ငံတွေ၊ အစုအဖွဲ့တွေ အားလုံးဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းပြီး နိုင်ငံတကာ ဥပဒေ စံနှုန်းတွေနဲ့အညီ ကျင့်ကြံဆောင်ရွက်ကြဖို့ အလေးအနက် ထပ်မံ တိုက်တွန်းလိုတယ်လို့ ထိုင်ဝမ် ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖရန်ဆဲလ် မာဂရက်သ် ပါဒီလာက ပြောကြားသွားပါတယ်။
ကိုးကား: CNA
