F-16 တိုက်လေယာဉ်တွေကို NATO မဟာမိတ် အဖွဲ့ဆီကနေ စတင်လက်ခံ ရရှိတော့မှာ ဖြစ်ပေမယ့် အချိန်အခါနဲ့ အရေအတွက်အပေါ် မူတည်ပြီး ထိရောက်မှု မရှိမှာကို စိုးရိမ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမှာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်နေတဲ့ ဇီလန်စကီးက NATOနိုင်ငံတွေ စုပေါင်းပြီး အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ယူကရိန်းဆီ ပို့ဆောင်ဖို့ အစပြုတော့မယ်ဆိုတာ ကြေညာခဲ့တဲ့နောက် Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို မှတ်ချက် ပေးခဲ့တာပါ။
ယူကရိန်းဟာ ရုရှားရဲ့ လေကြောင်းစိုးမိုးမှုကို တန်ပြန်ဖို့အတွက် F-16 တိုက်လေယာဉ်တွေကို ကာလရှည်ကြာ တောင်းဆိုခဲ့ပေမယ့် အခုအခါမှသာ လက်တွေ့ လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်လုပ် ခေတ်မီ M1A1 Abram တင့်ကားတွေ ယူကရိန်းဆီ ထောက်ပံ့ ပေးပို့ခဲ့ချိန်တုန်းကလို အချိန်ကိုက်မဟုတ်၊ အရေအတွက်နည်းတဲ့ ပြဿနာမျိုး F-16တွေမှာလည်း ကြုံလာမှာကို စိုးရိမ်ကြောင်း ဇီလန်စကီးက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
မနှစ်တုန်းက ယူကရိန်းဟာ ရုရှားထိန်းချုပ် နယ်မြေတွေမှာ တန်ပြန်ထိုးစစ် မစတင်ခင် အမေရိကန်ဆီက ခေတ်မီ Abram တင့်ကား ၃၁ စီးကို လက်ခံရရှိခဲ့ပေမယ့်လည်း အဲဒီအရေအတွက်လောက် တင့်ကားတွေဟာ စစ်မြေပြင်က အခြေအနေတွေကို လက်တွေ့ ပြောင်းလဲပစ်နိုင်မယ်ဆိုတာ သူ့အတွက်တော့ မသေချာဘူးလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
F-16တွေအကြောင်း ပြောမယ်ဆိုရင်လည်း အဲဒီအခြေအနေမျိုးကို ပြန်မတွေးဘဲ မနေနိုင်ကြောင်း၊ F-16တွေရဲ့ အသုံးဝင်မှု၊ အသုံးတည့်မှုတွေဟာ အရေအတွက်နဲ့ အချိန်ကိုက်ဖြစ်မှုလို တခြား ညွှန်ကိန်းတွေအပေါ် မူတည်ပြီးလည်း အပြောင်းအလဲ ရှိသွားနိုင်ကြောင်း ဇီလန်စကီးက ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ သူငယ်ငယ်တုန်းက အမေဖြစ်သူက သူကျောင်းကပြန်လာမယ့် အချိန်ကို စောင့်နေသလို ယူကရိန်းကလည်း F-16တွေကို အမြဲတမ်း လေးလေးနက်နက် စောင့်မျှော်နေခဲ့ကြောင်း၊ အဓိက ပြဿနာက အရေအတွက်နဲ့ ရောက်ရှိလာမယ့် အချိန်ကာလတွေဖြစ်ကြောင်း ဇီလန်စကီးက ပြောကြားသွားပါတယ်။
ယူကရိန်းက F-16တွေကို စတင်တောင်းဆိုခဲ့တဲ့ အချိန်နဲ့ ယှဉ်လိုက်ရင် လက်ရှိကာလမှာ ရုရှားဟာ ယူကရိန်း ပိုင်နက်ထဲမှာ စစ်လေယာဉ် အများအပြားကို ဖြန့်ကျက် အသုံးပြုနေပြီဖြစ်ကြောင်း၊ အဲဒီအချိန်မှာ F-16 အရေအတွက် နည်းနည်းလောက်ကို အသုံးပြုနိုင်ရုံနဲ့ ဘာမှ ထူးခြားလာဖွယ် မရှိကြောင်း သူက ဆိုပါတယ်။ အစီး ၅၀ လောက် ရခဲ့ရင်တောင် အဆင်မပြေကြောင်း၊ ရုရှားဟာ လေယာဉ် အစီး ၃၀၀ လောက်ကို သုံးစွဲနေတာကြောင်း၊ သင်္ချာနည်း သက်သက်နဲ့ တွက်ရင်တောင် ခုခံကာကွယ်ရတဲ့ နိုင်ငံဟာ တိုက်လေယာဉ် ၁၂၈ စီးလောက် လိုအပ်မှာဖြစ်ကြောင်းလည်း ယူကရိန်း သမ္မတက ထောက်ပြသွားပါတယ်။
အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဟာ နှစ်အလိုက် အဆင့်မြှင့်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး လက်ရှိ ယူကရိန်း လေတပ်က အသုံးပြုနေတဲ့ ဆိုဗီယက်ဒီဇိုင်း တိုက်လေယာဉ်တွေထက် နည်းပညာပိုင်း အများကြီး ပိုမို မြင့်မားပါတယ်။ အထူးသဖြင့် F-16တွေဟာ တာဝေးပစ် ဒုံးကျည်တွေကို တင်ဆောင် တိုက်ခိုက်နိုင်တာကြောင့် ရုရှားရဲ့ မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေး စနစ်တွေကို ဖြတ်ကျော်စရာ မလိုဘဲ ပိုမိုကွာဝေးတဲ့ ရန်သူ့ပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ အားသာချက်မျိုး ရှိလာတယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ထားကြပါတယ်။
ကိုးကား: Fox
