ပြုံယမ်းကို ဆိုက်ရောက်လာတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်က လေဆိပ်ထိ သွားရောက် ကြိုဆိုခဲ့ပါတယ်။
ပူတင်ရဲ့ လေယာဉ်ဟာ ဇန်နဝါရီ ၁၉ ရက် မနက်အစောပိုင်းက ပြုံယမ်းကို ဆိုက်ရောက်လာတာပါ။ ဒါဟာ ရုရှား ခေါင်းဆောင်က မြောက်ကိုရီးယား ပိုင်နက်မှာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ခြေချခြင်းလည်း ဖြစ်ပါတယ်။
ပူတင်ကို မြောက်ကိုရီးယား အစိုးရက ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုခဲ့သလို နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား လေဆိပ်မှာ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ရင်း ပွေ့ဖက်နေခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကင်မ်ဟာ ပူတင်နဲ့ ကားတစ်စီးတည်း အတူစီးပြီး ကွမ်ဆူဆန် နိုင်ငံတော် ဧည့်ဂေဟာဆီ လိုက်ပါ ပို့ဆောင်ပေးခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပူတင်က မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်လို့ ကြိုတင် ကြေညာချက် ထုတ်ပြန်ရာမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ပြီး အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေအပေါ် တန်ပြန်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
KCNAကတော့ ကင်မ်နဲ့ ပူတင်ရဲ့ တွေ့ဆုံမှုကို သမိုင်းဝင် အခိုက်အတန့် တစ်ခုလို့ ရည်ညွှန်းခဲ့ပြီး နှစ်နိုင်ငံကြားက ခင်မင်ရင်းနှီးမှုနဲ့ စည်းလုံးမှုဟာ ဖျက်ဆီးလို့ မရနိုင်လောက်အောင် ကြံ့ကြံ့ခံနိုင်ကြောင်း သက်သေပြနေတာလို့ ဖော်ပြသွားပါတယ်။
ပူတင်ဟာ မြောက်ကိုရီးယားမှာ ရှိနေစဉ် အတောအတွင်း နှစ်နိုင်ငံကြား လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးဖို့ စီစဉ်ထားကြောင်း ရုရှားအစိုးရ တာဝန်ရှိသူ တချို့က ဆိုပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေး လျင်လျင်မြန်မြန် တိုးတက်လာခြင်းကို အမေရိကန်က စိုးရိမ်တကြီး စောင့်ကြည့်နေပြီး မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲအတွက် ရုရှားဆီ စစ်လက်နက်တွေ ထောက်ပံ့လာနိုင်ကြောင်း သတိပေး ပြောကြားထားပါတယ်။
ပူတင်ကတော့ သူဟာ မြောက်ကိုရီးယားနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ ပညာရေး ကဏ္ဍတွေမှာပါ ပူးပေါင်း မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ဆိုပါတယ်။ ပူတင်ရဲ့ ခရီးစဉ်မှာ ကာကွယ်ရေး ဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်၊ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နဲ့ နိုင်ငံခြားရေး အကြံပေး ယူရီ အူရှာကော့ဗ်တို့လည်း ခြံရံ လိုက်ပါခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP
