အမှိုက်သရိုက် အညစ်အကြေးတွေ ချိတ်ဆွဲထားတဲ့ ဓာတ်ငွေ့ပူဖောင်းတွေကို နယ်စပ်ဖြတ်ကျော်ပြီး တောင်ကိုရီးယား ပိုင်နက်ထဲ ထပ်မံ လွှတ်တင်နေကြောင်း မြောက်ကိုရီးယားက အတည်ပြုခဲ့ပါတယ်။
တောင်ကိုရီးယားရောက် မြောက်ကိုရီးယား ပြည်ပြေးတွေက မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ချိတ်ဆွဲထားတဲ့ ဓာတ်ငွေ့ ဘောလုံးတွေကို နယ်စပ်နားကနေ မြောက်ကိုရီးယား ပိုင်နက်ထဲ လွှတ်တင်လေ့ရှိပြီး အဲဒီလုပ်ရပ်အပေါ် မြောက်ကိုရီးယား အစိုးရက အကြီးအကျယ် ဒေါသထွက်လေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ မြောက်ကိုရီးယား အစိုးရက အဲဒီကိစ္စကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမှိုက်သရိုက်၊ အညစ်အကြေးတွေ ချိတ်ဆွဲထားတဲ့ ဓာတ်ငွေ့ ပူဖောင်းတွေကို အရေအတွက် ရာနဲ့ချီပြီး တောင်ပိုင်းကို လွှတ်တင်ခဲ့ပါတယ်။ အဲဒီပူဖောင်းတွေ နေရာစုံမှာ ပျံ့နှံ့ ကျရောက်ခဲ့ရာက တောင်ကိုရီးယားမှာ အာဏာပိုင်တွေရော၊ အရပ်သား ပြည်သူတွေပါ ဗျာများခဲ့ကြပါတယ်။
နောက်တော့ မြောက်ကိုရီးယားက ပူဖောင်းတွေ လွှတ်တင်မှုကို ရပ်တန့်လိုက်ပေမယ့် တောင်ကိုရီးယားက နယ်စပ်မှာ ထားရှိတဲ့ မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့် လော်စပီကာကြီးတွေကို ပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီ လော်စပီကာကြီးတွေကနေတဆင့် ကင်ဂျုံအွန် ဦးဆောင်တဲ့ မြောက်ကိုရီးယား အစိုးရကို ထိုးနှက်တိုက်ခိုက်တဲ့ ဟောပြောမှုတွေကို အစဉ်တစိုက် ထုတ်လွှင့်တာ ဖြစ်ပါတယ်။

Public Service Announcement
ကင်မ်ရဲ့ ညီမဖြစ်ပြီး ဩဇာကြီးမားတဲ့ အစိုးရ အရာရှိ တစ်ဦးလို့ သတ်မှတ် ခံထားရသူ ကင်မ်ယိုဂျောင်က တောင်ပိုင်းသားတွေ အနေနဲ့ စိတ်ဓာတ် စစ်ဆင်ရေး အားပြိုင်ချင်တယ်ဆိုရရင် ဝမ်းမြောက်ဝမ်းသာ လက်ခံသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ အမှိုက်ထုပ်တွေ ချိတ်ဆွဲထားတဲ့ ပူဖောင်းတွေ အမြောက်အမြားကို တောင်ကိုရီးယားဖက် ထပ်မံ လွှတ်တင်နေကြောင်း ပြောကြားသွားပါတယ်။
အိမ်သာသုံး စက္ကူတွေကို နေရာအနှံ့ လိုက်ကောက်ရတဲ့ ရှက်စရာ အလုပ်မျိုးဟာ တောင်ကိုရီးယားသားတွေအတွက် နေ့စဉ် ပြုမြဲကိစ္စတစ်ခု ဖြစ်လာစေရမယ်လို့ ကင်မ်ယိုဂျောင်က ကြုံးဝါးခဲ့ပါတယ်။ သူက နယ်စပ်မှာရှိတဲ့ ဝါဒဖြန့် လော်စပီကာတွေ အသံမစဲဘူးဆိုရင် မြောက်ကိုရီးယားဖက်က တင်းမာတဲ့ တုံ့ပြန်မှုကိုလည်း ကြိုမျှော်လင့်ထားသင့်ကြောင်း တောင်ကိုရီးယားကို ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။
နောက်ဆုံးအသုတ်အဖြစ် ဇွန်လ ၉ ရက်နေ့က မြောက်ကိုရီးယား လွှတ်တင်လိုက်တဲ့ ဓာတ်ငွေ့ ပူဖောင်းတွေမှာတော့ စက္ကူဖြတ်စတွေ၊ ပလတ်စတစ် အမှိုက်သရိုက်တွေနဲ့ လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတ်သတ္တု အရောအနှောတွေ ပါဝင်နေတာကို ထောက်လှမ်း တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။
နယ်စပ်ဖြတ်ပြီး အပြန်အလှန် ပူဖောင်းတွေ ပို့လွှတ်တဲ့ ပြိုင်ပွဲဟာ ကိုရီးယား နှစ်နိုင်ငံကြားမှာ မေလလယ်တုန်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အစိုးရကတော့ နယ်စပ်နားမှာ မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ပူဖောင်းနဲ့ ချိတ်ဆွဲ လွှတ်တင်တာမျိုး မလုပ်ဖို့ ပြည်ပေးတွေကို တားဆီးနိုင်တဲ့ ဥပဒေ မရှိဘူးလို့ အကြောင်းပြထားပါတယ်။ ဒါပေမဲ့ အဲဒီ ဖြေရှင်းချက်ကို မြောက်ကိုရီးယားက လက်မခံဘဲ အမှိုက်ထုပ်တွေကို ပူဖောင်းမှာ ချည်လွှတ်ပြီး လက်တုံ့ပြန်နေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: AFP
