Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရာဇသတ်ကြီး ပြစ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ ပထမဆုံး အမေရိကန် သမ္မတဟောင်း ထရမ့်

စီရင်ချက်ကို ဖတ်ကြားချိန် ထရမ့်က တရားခွင်မှာ ငူငူကြီး ထိုင်နေခဲ့ပြီး ရုံးအပြင်ဖက်မှာ စုဝေးနေတဲ့ သူ့ကို ဆန့်ကျင်သူတွေရဲ့ အောင်ပွဲခံ အော်ဟစ်သံတွေကို ကြားနေခဲ့ရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

ရာဇသတ်ကြီး ပြစ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ ပထမဆုံး အမေရိကန် သမ္မတဟောင်း ထရမ့်
ရာဇသတ်ကြီး ပြစ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ ပထမဆုံး အမေရိကန် သမ္မတဟောင်း ထရမ့်

ဒေါ်နယ်လ်ထရမ့်ဟာ သမိုင်းတလျှောက် ရာဇသတ်ကြီး ပြစ်မှု စွဲချက်အတွက် အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခံရတဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ်လာပါတယ်။

မေလ ၃၀ ရက်နေ့မှာ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးက ထရမ့်ရဲ့ နာမည်ကျော် တိတ်တိတ်ပုန်း ပေးငွေ အမှုအတွက် စွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်လိုက်ပါတယ်။ တရားသူကြီးက ပြစ်ဒဏ်ကိုတော့ နောက်ထပ် ရုံးချိန်း ခေါ်ယူပြီးမှ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

စီရင်ချက်ကို ဖတ်ကြားချိန် ထရမ့်က တရားခွင်မှာ ငူငူကြီး ထိုင်နေခဲ့ပြီး ရုံးအပြင်ဖက်မှာ စုဝေးနေတဲ့ သူ့ကို ဆန့်ကျင်သူတွေရဲ့ အောင်ပွဲခံ အော်ဟစ်သံတွေကို ကြားနေခဲ့ရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

တရားရုံးကနေ ထွက်လာချိန်မှာတော့ ထရမ့်က ဒီစီရင်ချက်ဟာ မရိုးသားသလို ကျက်သရေ ကင်းမဲ့လွန်းတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူတကယ် အလေးထားရမှာက နိုဝင်ဘာ ၅ ရက်ကျရင် အမေရိကန် ပြည်သူတွေက ရွေးချယ် ချမှတ်မယ့် စီရင်ချက်သာ ဖြစ်တယ်လို့လည်း ထရမ့်က ဆက်ပြောပါတယ်။ သူရည်ညွှန်းခဲ့တာက လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရင်ဆိုင်တွေ့ရမယ့် အမေရိကန် ရွေးကောက်ပွဲကို ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရားသူကြီး ဟွမ် မာချန်က ဇူလိုင် ၁၁ ရက်နေ့မှာ အပြီးသတ် ပြစ်ဒဏ် စီရင်ချက် ချမှတ်မယ်လို့ ကြေညာခဲ့ပြီး အမြင့်ဆုံး ဖြစ်နိုင်ခြေ ပြစ်ဒဏ်ထဲမှာ ထောင်ကျတာထိ ပါလာနိုင်ပါတယ်။ ဒါပေမဲ့ ထရမ့်ဟာ ပြစ်ဒဏ်ကို သေချာပေါက် အယူခံဝင်မှာ ဖြစ်သလို အမှုကလည်း ပြီးပြတ်ဦးမှာ မဟုတ်သေးပါဘူး။ နောက်ဆုံးအနေနဲ့ ထရမ့်ဟာ ထောင်ဒဏ် ချမှတ်ခံရရင်တောင်မှ သူ့ရဲ့ ရွေးကောက်ပွဲဝင်ခွင့် အားထုတ်မှုကို ဥပဒေကြောင်းအရ အနှောင့်အယှက် ပေးနိုင်မှာ မဟုတ်ပါဘူး။

အမေရိကန် မီဒီယာတွေက တိတ်တိတ်ပုန်းပေးငွေ (Hush Money)လို့ နာမည်တပ် ဖော်ပြခဲ့ကြတဲ့ အမှုဟာ ၂၀၁၆ ခုနှစ်တုန်းက ထရမ့် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင် ငွေကြေးပေးချေမှု အရှုပ်အထွေးတွေကို ဗဟိုပြုခဲ့ပါတယ်။ အဲဒီတုန်းက ထရမ့်ဟာ ညစ်ညမ်းရုပ်ရှင် စတား နှစ်ယောက် အပါအဝင် သူနဲ့ လိင်မှုရေးရာ အရှုပ်အထွေး ရှိခဲ့ဖူးသူတွေကို အတွင်းရေး ကိစ္စတွေ ထုတ်မပြောဖို့ နှုတ်ပိတ်ခတွေ ပေးခဲ့ပါတယ်။ အကြောင်းကတော့ ရွေးကောက်ပွဲ ကာလမှာ သူ့ရဲ့ နာမည်ပျက်တွေ ထွက်ပေါ်လာပြီး မဲရလဒ်တွေအပေါ် သက်ရောက်လာမှာကို စိုးရိမ်တာကြောင့်ပါ။

ထရမ့်ဟာ ညစ်ညမ်း ရုပ်ရှင်စတားတွေဖြစ်တဲ့ စထရော်မီ ဒန်နီရယ်လ်စ်နဲ့ ကာရန် မက်ဒူဂယ်လ်တို့ နှစ်ဦးကိုတင် ဒေါ်လာ ၃ သိန်းနီးပါး နှုတ်ပိတ်ခ ပေးခဲ့ရပါတယ်။ အဲဒီ ငွေကြေး ပေးချေမှုတွေကိုတော့ ထရမ့်ရဲ့ ကိုယ်ရေး ရှေ့နေ (ဟောင်း) မိုက်ကယ် ကိုဟန်က တာဝန်ယူပေးခဲ့ရပါတယ်။ အမှုဖြစ်ခဲ့တဲ့နောက် ကိုဟန်က ငွေပေးချေမှုတွေကို ထရမ့်မသိဘဲ သူ့သဘောနဲ့သူ စီမံခဲ့ပါတယ်လို့ ပြောခဲ့ပေမယ့်၂၀၁၈ မှာတော့ ထရမ့်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့တာပါလို့ ပြောင်းလဲ ထွက်ဆိုလာပါတယ်။ အဲဒီထွက်ချက်ကြောင့်ပဲ ထရမ့်ဟာ အမှုနဲ့ တိုက်ရိုက် ငြိစွန်းလာခဲ့တာ ဖြစ်ပါတယ်။

အဓိက ပြဿနာက ကိုဟန်က အဲဒီငွေကြေး ပေးချေမှုတွေဟာ ရွေးကောက်ပွဲ ရန်ပုံငွေတွေနဲ့ ဆက်နွှယ်မှုတွေ ရှိတာကို ဝန်ခံခဲ့ခြင်းပါပဲ။ အဲဒီတော့ ထရမ့်ဟာ ရွေးကောက်ပွဲဆိုင်ရာ ဘဏ္ဍာရေး စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ငြိစွန်းလာသလို ရွေးကောက်ပွဲမှာ ပုံရိပ်ကို ထိန်းသိမ်းဖို့ မသမာတဲ့ နည်းလမ်းတွေ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုပါ ရင်ဆိုင်ခဲ့ရပါတော့တယ်။

အခုတော့ သူဟာ အမေရိကန် သမိုင်းမှာ ရာဇသတ်ကြီး ပုဒ်မ တစ်ခုခုကြောင့် ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချမှတ်ခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် သမိုင်းဆိုး တွင်ကျန်သွားပါပြီ။ ထရမ့်ရဲ့ ရှေ့နေတွေက တိတ်တိတ်ပုန်း နှုတ်ပိတ်ခ ပေးချေမှုတွေ အားလုံးဟာ ထရမ့်ရဲ့ ကိုယ်ပိုင် ငွေကြေးတွေကိုသာ အသုံးပြုခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ရည်မှန်းချက်တွေနဲ့လည်း ဘယ်လို ဆက်စပ်မှုမှ မရှိဘူးလို့ ခုခံ လျှောက်လဲခဲ့ပေမယ့် ဂျူရီအဖွဲ့ရဲ့ အမြင်ကို သူတို့ဖက် ယိမ်းလာအောင် မဆွဲဆောင်နိုင်ခဲ့ပါဘူး။

တရားခွင် တလျှောက်လုံးမှာ ထရမ့်က သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ အစဉ်တစိုက် ငြင်းဆိုလာခဲ့ပါတယ်။ အခု အခြေအနေအရ သူဟာ ရွေးကောက်ပွဲကြို မဲဆွယ်လှုပ်ရှားမှုတွေ စတင်ချိန်မှာလည်း အမှု မပြီးပြတ်သေးဘဲ နောက်ဆက်တွဲ အယူခံကိစ္စ ဆက်ပြီး တရားရင်ဆိုင်နေရဦးမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ကိုးကား: AFP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ အမေရိကန် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေဆီ တန်ပြန် ဖိအားပေးမှု ရည်ရွယ်ချက်အတွက် တိုက်ခိုက်တာကို ခွင့်ပြုသွားမယ်လို့ မေလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မေလ ၂၈ ရက်နေ့မှာတော့ ဆိပ်ခံရဲ့ ဂါဇာကမ်းရိုးတန်းဖက် သွယ်တန်းထားရာ လျှောက်လမ်း ဧရိယာဟာ လှိုင်းဒဏ်ကြောင့် အခြေပျက်သွားတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

အီရန် မီဒီယာတွေကလည်း ရိုင်ဆီ သေဆုံးသွားပြီလို့ ဖော်ပြကြပေမယ့် အစိုးရဆီက တရားဝင် ကြေညာချက်တော့ ထွက်ပေါ်မလာသေးပါဘူး။

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ လိုင်အနိုင်ရခဲ့ပြီးချိန်ကနေ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကာလတလျှောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေး အင်အားပြ ခြိမ်းခြောက်မှုတွေ အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။