စစ်ရှောင်တွေ တိမ်းရှောင်ဖို့ သတ်မှတ်ထားတဲ့ ဇုန်ကို အစ္စရေးရဲ့ ဆိုးရွားကြမ်းတမ်းတဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချနေတဲ့တိုင် ဂါဇာတောင်ပိုင်းက ထိုးစစ်တွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။
မေလ ၂၆ ရက် ညပိုင်းက ဂါဇာတောင်ပိုင်း၊ ရာဖားဟ်မြို့မှာ စစ်ရှောင် ပါလက်စတိုင်း အရပ်သားတွေအတွက် သတ်မှတ်ပေးထားရာ ဇုန်တစ်ခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ပြီး ဗုံးစတွေ ထိမှန်ခံရသူတွေ၊ ခန္ဓာကိုယ် ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းသူတွေ၊ အရိုးတွေ ကျိုးအက်ကုန်သူတွေ အပါအဝင် နောက်ထပ် ရာဂဏန်းကို ကုသပေးနေရတယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စစ်ရှောင် ဒုက္ခသည်တွေ အများကြီး ပိတ်မိနေတဲ့ ရာဖားဟ်ကို အစ္စရေးက ထိုးစစ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတကာ ရှုတ်ချမှုတွေ ပြင်းထန်နေချိန်မှာ အခုဖြစ်ရပ် ထပ်မံ ပေါ်ပေါက်လာတာပါ။ နေတန်ညာဟုကတော့ တယ်လ်အယ်လ် ဆူလတန် ဧရိယာထဲက စစ်ရှောင်ဇုန်ကို လေကြောင်းက တိုက်ခိုက်ခံရတာဟာ ဆိုးဆိုးရွားရွား လွဲချော်မှု တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စကြောင့် ရာဖားဟ်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့တော့ သူက ဆိုပါတယ်။
အစ္စရေးရဲ့ ရည်မှန်းချက် မှန်သမျှ အောင်မြင်ပြီးမြောက်တဲ့အထိ စစ်ပွဲကို ရပ်တန့်လိုက်ဖို့ လုံးဝ စိတ်ကူးမရှိကြောင်း နေတန်ညာဟုက ကြေညာပါတယ်။ သူက ဂါဇာမှာ ဟားမားစ်တွေကို အမြစ်ဖြတ် ချေမှုန်းဖို့အတွက် ရာဖားဟ်ကို မဖြစ်မနေ ရှင်းလင်းဖို့လိုကြောင်း အရင်ကတည်းက ပြောထားဖူးပါတယ်။

Public Service Announcement
စစ်ရှောင် ဒုက္ခသည်တွေ ဇုန်ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မျိုး ရှိခဲ့တဲ့တိုင်အောင် နေတန်ညာဟုက အစ္စရေးဟာ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ပဋိပက္ခနဲ့ မသက်ဆိုင်သူတွေကို မထိခိုက်စေဖို့ အစွမ်းကုန် ထိန်းသိမ်း လုပ်ဆောင်နေပါတယ်လို့လည်း အစ္စရေးလွှတ်တော် မိန့်ခွန်းမှာ သူက ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ မိန့်ခွန်းပြောနေချိန်မှာ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုဝင် တချို့ဆီက အော်ဟစ် နှောင့်ယှက်မှုတွေနဲ့ ကြုံခဲ့ရပါသေးတယ်။ ဂါဇာမှာ ဟားမားစ်တွေ ဖမ်းဆီးတာ ခံထားရဆဲ ဓားစာခံ ၁၀၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ပြီး ဓားစာခံတွေကို ဘေးကင်းကင်းနဲ့ ကယ်ဆယ်လာမယ်ဆိုတဲ့ ကတိကိုလည်း အစ္စရေးက မတည်နိုင်သေးပါဘူး။
နေတန်ညာဟုက ရာဖားဟ်မှာ မဆိုင်သူတွေ မထိခိုက်ရအောင် တိုက်ခိုက်ရေးသမား မဟုတ်တဲ့ ပါလက်စတိုင်း အရပ်သား တစ်သန်းလောက်ကို ကြိုတင် စီစဉ် ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဝမ်းနည်းစရာ အမှားတစ်ခုကို ကြုံတွေ့ခဲ့တာဖြစ်ကြောင်း၊ အစ္စရေးရဲ့ လုပ်ထုံးလုပ်နည်းတွေအရ အခု လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းပြီး ရလဒ်ကို ဆုံးဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသွားပါတယ်။
တစ်ဖက်မှာတော့ ဒီလေကြောင်း တိုက်ခိုက်မှုဟာ ပစ်မှတ်ကို တိတိကျကျ ရှာဖွေ ဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို အသုံးပြုခဲ့သလို ပစ်ခတ်တဲ့ ဒုံးကျည် အရေအတွက်ကို ထိန်းသိမ်း လျှော့ချထားခဲ့ကြောင်း၊ အဲဒီအခြေအနေမှာတောင် စစ်ရှောင်ဇုန်မှာ မီးမုန်တိုင်းတိုက်သလို အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့အပေါ် အဖြေရှာဖို့ ကြိုးစားနေကြောင်း အစ္စရေး စစ်တပ် အရာရှိ တချို့က ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုဟာ အစ္စရေး ထောက်လှမ်းရေးရဲ့ သတင်း အချက်အလက်တွေအပေါ် အခြေခံထားတဲ့ စစ်ဆင်ရေး တစ်ရပ်ဖြစ်ပြီး ပစ်မှတ် နေရာမှာ မီးလောင်စေနိုင်တဲ့ လောင်စာပစ္စည်း အများအပြား ရှိနေလို့ အခုလောက် အခြေအနေ ဆိုးသွားသလား ဆိုတာကို စုံစမ်းသွားမယ်လို့လည်း အစ္စရေးက ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် အဲဒီနေရာမှာ သွေးချောင်းစီးပြီး ဝရုန်းသုန်းကားတွေ ဖြစ်နေတဲ့တိုင် အစ္စရေး မြေပြင်တပ်တွေကတော့ ရာဖားဟ်မြို့လယ်ဆီ ဦးတည်ပြီး တရွေ့ရွေ့ ဆက်လက် ချဉ်းကပ် ချီတက်နေဆဲလို့လည်း သိရပါတယ်။
ကိုးကား: BBC
