စောနွေဦး/People’s Spring
နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ရာ ထိုစနစ်သည့် ငွေကြေးများအပေါ်ပေါက်ခင်က အသုံးပြုခဲ့သည့် စနစ်ဖြစ်ပြီး အလုပ်ဖြစ်မည်မဟုတ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်များကပြောသည်။
“ဒီစနစ်က ကျောက်ခေတ်က သုံးနဲ့ စနစ်ပါ။ အခုခေတ်အခြေအနေရ အောင်မြင်မယ့်စနစ်မဟုတ်ပါဘူး။ ပိုသာဆိုးလာမယ့် အလုပ်ဖြစ်မယ့်စနစ်မဟုတ်ပါဘူး”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီကမူ ထိုစနစ်ကို အသုံးပြုပါကသွင်းကုန်အတွက် နိုင်ငံခြားငွေ ပေးချေမှုကင်းလွတ်ခွင့်ရသည်ဟု မက်လုံးပေးထားသည်။ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ပို့ကုန်နှင့်သွင်းကုန် ကျဆင်းပြီး ကုန်သွယ်ရေး လုပ်ငန်းများ ရပ်တန့်နေချိန်တွင် စစ်ကောင်စီက ထိုကဲ့သို့ ကုန်စည်ဖလှယ်သည့် စနစ်ကျင့်သုံးခြင်းကို လုပ်ငန်းရှင်က စိတ်ပျက်နေကြသည်။

Public Service Announcement
ကုန်စည်ဖလှယ်သည့် စနစ်(Barter Transaction Arrangement-BAT)သည် ပြည်ပနိုင်ငံနှင့်ကုန်သွယ်ရာတွင် ကုန်သွယ်မှုလိုငွေ မရှိစေရန် ကုန်စည်အချင်းချင်း ဖလှယ်ကြခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ထိုစနစ်ဖြင့် ကုန်သွယ်ပါက ပို့ကုန်သွင်းကုန်အတွက် နိုင်ငံခြားငွေပေးချေမှုအပေါ် ဗဟိုဘဏ်က ဝင်ရောက်ထိန်းကြောင်းမှုများ ကင်းလွတ်ခွင့်ရမည်ဟုမက်လုံးပေးထားခြင်းဖြစ်သည်။လက်ရှိတွင် စစ်ကောင်စီက ပို့ကုန်ရငွေများကို ၁ လအတွင်း ပြည်တွင်းပြန်ယူလာရန် နှင့် ပို့ကုန်ရငွေအားလုံး၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် လုပ်ငန်းရှင်များအား မရောင်းမနေရ သတ်မှတ်၍ စစ်ကောင်စီကဒေါ်လာရရန် လုပ်ငန်းရှင်များကို ကန့်သတ်ထားသည်။
“ဒီစနစ်က စစ်ကောင်စီအတွက် ဒေါ်လာသုံးစွဲမှု လျော့ချလိုက်ဖို့ ရေတိုဖြေရှင်းနည်းပါ။ အောင်မြင်မယ်လိုလည်း မထင်ပါဘူး”ဟု စီးပွားရေးပညာရှင်တစ်ဦးကပြောသည်။
ထိုအပြင်စစ်ကောင်စီက ဒေါ်လာကိုသာရယူလိုပြီး ဒေါ်လာမကုန်ရန် ဒေါ်လာဖြင့် ဝယ်သွင်းရသော သွင်းကုန်လိုင်စင်များ အကြီးအကျယ်ကန့်သတ်ထားသည်ဟုလည်း လုပ်ငန်းရှင်များကပြောသည်။
စစ်ကောင်စီက ဒေါ်လာကို နိုင်ငံတဝန်းဖြစ်ပွားနေသောတိုက်ပွဲများတွင် အသုံးပြုရန် စစ်လက်နက် နှင့် လေယာဥ်ဆီ ဝယ်ယူရန် အတွက်သာအဓိက အသုးပြုပြီး ပြည်သူများအတွက် စားသောက်ကုန်၊လူသုံးကုန် ဆေးဝါးစသောသွင်းကုန်ပစ္စည်းများဝယ်ယူတင်သွင်းမှုကိုမူ ဒေါ်လာမကုန်ရန် သွင်းခွင့်ကို နည်းမျိုးစုံဖြင့် ကန့်သတ်နေခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ ဒီဇင်ဘာလ အထိ စစ်ကောင်စီသည် တရုတ်၊ရုရှား ၊အိန္ဒိယ အပါအဝင် နိုင်ငံတကာမှ လက်နက်ခဲယမ်းမျိုးစုံအမေရီကန် ဒေါ်လာ ၁ ဘီလီယံဖိုးဝယ်ယူတင်သွင်းခဲ့ကြောင်း ကုလသမဂ္ဂ ၏ ၂၀၂၃ မေလကထုတ်ပြန်သောအစီရင်ခံစာတွင်ဖော်ပြထားသည်။
ထိုအပြင် နိုင်ငံစီးပွားရေးကျဆင်းနေချိန်တွင် စစ်ကောင်စီက ဘက်ဂျက်လိုအပ်ချက်အတွက် ကျပ်ငွေ စက္ကူများကို ဘီလီယံပေါင်းများစွာရိုက်နှိပ်သုံးစွဲထား၍ ကျပ်ငွေတန်ဖိုး ကျဆင်းနေသဖြင့် ငွေကြေးချမ်းသာသူများ ၊ စစ်တပ်အသိုင်းအဝိုင်းမှ မိသားစုများမှာ ကျပ်ငွေမကိုင်တော့ဘဲ ဒေါ်လာနှင့် ရွှေကို လိုက်လံဝယ်ယူစုဆောင်းနေ၍ ဒေါ်လာမှာ ဝယ်ယူရန်ခက်ခဲပြီး ဆက်တိုက်တက်နေကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။
“အခုလာမယ့် ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေက အရမ်းမြင့်တယ်လို့ကြားတယ်။ အခွန်ရငွေကလည်း တော်တော်နည်းသွားတယ်။ ဒါကိုအရင်ကတည်းက ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ဖြည့်နေတာ အခုက အခြေအနေတွေက ထိန်းမရတော့ဘူးဖြစ်နေတယ်။ စစ်အုပ်စုအထဲကပဲ သူတို့ကို မယုံ
ကြည်တော့ အခုလို ရွှေနဲ့ နိုင်ငံခြားငွေစုတာတွေဖြစ်လာတာ”ဟုလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄၇၀၀ နှင့် ရွှေတစ်ကျပ်သားကို ကျပ် ၄၈ သိန်းကျော်အထိ မြင့်တက်လာသည်။
စစ်ကောင်စီ စိတ်ကြိုက် ထုတ်ပြန်သောအချက်အလက်များမှာပင်၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်(၂၀၂၂ ဧပြီမှ ၂၀၂၃ မတ်လကုန်အထိ) တွင် ကုန်သွယ်မှု ပမာဏ အမေရီကန် ဒေါ်လာ ၃၄ ဘီလီယံရှိရာမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမေရီကန်ဒေါ်လာ ၃၀ ဘီလီယံသာရှိပြီး ၄ ဘီလီယံကျော်လျော့ကျခဲ့ကြောင်းဖော်ပြထားသည်။
ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက် ကမ္ဘာ့ကပ်ရောဂါ Covid-19 ရင်ဆိုင်နေခဲ့ရသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ( ၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလကုန်အထိ့) မှာပင် ကုန်သွယ်မှု ပမာဏ အမေရီကန် ဒေါ်လာ ၃၇ ဘီလီယံခန့် (၃၆ ဒသမ ၆၆၅ ဘီလီယံ) ရှိခဲ့သည်။
နိုင်ငံအနှံဖြစ်ပွားနေသောတိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးနီးပါး ရပ်တန့်ပြီး စစ်ကောင်စီအတွက် ဝင်ငွေရပေါက်ရလမ်းနည်းသွားစေကာအထိနာနေကြောင်းကုန်သည်အချို့ကပြောသည်။
