ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ စစ်လက်နက် တချို့ကို ရုရှားပိုင်နက်ထဲထိ ထိုးဖောက် တိုက်ခိုက်ရာမှာ အသုံးပြုဖို့ အမေရိကန်က အကန့်အသတ်နဲ့ ခွင့်ပြုပေးလိုက်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ အမေရိကန် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေဆီ တန်ပြန် ဖိအားပေးမှု ရည်ရွယ်ချက်အတွက် တိုက်ခိုက်တာကို ခွင့်ပြုသွားမယ်လို့ မေလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
မူလက အမေရိကန်ဟာ ယူကရိန်းအတွက် ထောက်ပံ့တဲ့ စစ်လက်နက် မှန်သမျှကို ယူကရိန်း ပိုင်နက်ထဲက စစ်ဆင်ရေးတွေ အတွက်သာ အသုံးပြုရမယ်လို့ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပါတယ်။ ဒါကလည်း ရုရှားနဲ့ ထိပ်တိုက် ပဋိပက္ခ ဖြစ်မှုကို ရှောင်လွှဲလိုတဲ့ ဘိုင်ဒန်ရဲ့ သဘောထားကြောင့်ပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ခါကစ်ဗ်ဒေသမှာ ရုရှားရဲ့ ထိုးစစ်ကြောင့် ယူကရိန်းတပ်တွေ ပိုမို အထိနာလာခြင်းနဲ့အတူ အနောက် မဟာမိတ် နိုင်ငံတွေက ယူကရိန်းအတွက် အထောက်အကူ ဖြစ်စေမယ့် စစ်ရေး မူဝါဒ အပြောင်းအလဲတွေကို ပိုမို အလေးထား စဉ်းစားလာပါတယ်။ ဘိုင်ဒန် အနေနဲ့လည်း ယူကရိန်းရဲ့ လက်နက် အသုံးပြုခွင့် ကန့်သတ်ချက်တွေအပေါ် ပြန်လည် သုံးသပ်ပေးသင့်ကြောင်း ဖိအားပေးမှုတွေ ခံလာရပါတယ်။

Public Service Announcement
အခုအခါမှာ ဖြေလျှော့မှုတချို့ ရှိလာပေမယ့်လည်း ရုရှားပိုင်နက်ထဲကို အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေ၊ တခြား စစ်လက်နက်တွေနဲ့ ယူကရိန်းက တိုက်ခိုက်တာမျိုးကို တားမြစ်တဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အမေရိကန် စစ်ဘက် အရာရှိတွေက ပြောပါတယ်။
အခုကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်တို့က သီးခြား မှတ်ချက်ပေးထားတာတော့ မရှိသေးပါဘူး။
အစောပိုင်းတုန်းက NATO စစ်မဟာမိတ် အဖွဲ့ဝင် ဗြိတိန်နိုင်ငံဟာ ယူကရိန်းဆီ ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ အသုံးပြုခွင့် မပေးဘူးဆိုတဲ့ ကန့်သတ်ချက်ကို ဖြေလျှော့မယ်ဆိုတာ အရိပ်အမြွက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
ရုရှားက အနောက်နိုင်ငံလုပ် စစ်လက်နက်တွေနဲ့ နိုင်ငံပိုင်နက်ကို ထိပါးတိုက်ခိုက် ခံလာရရင် ယူကရိန်းအတွက် အဲဒီလက်နက်တွေ ထောက်ပံ့တဲ့ နိုင်ငံတွေမှာပါ တာဝန်ရှိတယ်လို့ သတ်မှတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့တိုင် ယူကရိန်းအပေါ် လက်နက်သုံးစွဲခွင့် ကန့်သတ်ချက်တွေ ဖြေလျှော့ရေး တောင်းဆိုချက်တွေက ပိုမို ကျယ်ပြန့် အားကောင်းလာနေပါတယ်။
ကိုးကား: BBC
