close
Connect with us

Hi, what are you looking for?

သတင်း

ချင်းမြောက်ပိုင်းစစ်တပ်ထိုးစစ်အ​ပေါ် ချင်းပူးပေါင်းတပ်အသာစီးရ

အာဏာသိမ်းစစ်တပ်ကချင်းပြည်နယ်မြောက်ပိုင်းကဖလမ်း၊ တီးတိန်မြို့နယ်တွေကို ထိုးစစ်ဆင်လာတာကို ချင်းပြည်ကောင်စီ၊ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားပြီး စစ်သုံ့ပမ်း တွေလည်း ဖမ်းမိထားကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ပြောပါတယ်။

■စစ်သုံ့ပမ်း ၁၀ဦးကျော်နဲ့ လက်နက်ခဲယမ်းများစွာသိမ်းရထားဟု အသိပေး

ဇန်နဝါရီ ၄၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကချင်းပြည်နယ်မြောက်ပိုင်းကဖလမ်း၊ တီးတိန်မြို့နယ်တွေကို ထိုးစစ်ဆင်လာတာကို ချင်းပြည်ကောင်စီ၊ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားပြီး စစ်သုံ့ပမ်း တွေလည်း ဖမ်းမိထားကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ပြောပါတယ်။

“ရန်သူ့ဘက်က ကျတာအတော်များတယ်။ အရှင်ဖမ်းမိတာတွေကျတော့ အဲဒါလည်း ၁၀ဦးလောက်ကျော်ပြီ။တိုက်ပွဲအကြိမ်ရေ တော်တော်လေးတော့များပြီ။သူတို့ထိုးစစ်ဆင်တဲ့အချိန်တောက်လျှောက်မှာကျနော်တို့ဘက်ကအသာယူနိုင်တယ်လို့ပြောလို့ရတာပေါ့။လက်နက်ခဲယမ်းဆိုရင်လည်း တော်တော်များများတော့ သိမ်းတယ်။ တော်တော်များများကျနော်တို့ ရယူခဲ့တယ်” လို့စစ်တပ်က ဖလမ်းအပါအဝင်ချင်းမြောက်ပိုင်းက ဆုံးရှုံးနယ်မြေတွေပြန်ရဖို့ ၂၀၂၅ နိုဝင်ဘာလဆန်းကစပြီးထိုးစစ်ဆင်ခဲ့တဲ့နှစ်လတာစစ်ရေးအခြေအပေါ် နိုင်ဂျွန်ကိမ်းပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဖလမ်းမြို့နယ် ဝေဘူလဘက်က စစ်ကြောင်းထိုးလာသလို တီးတိန်မြို့နယ် သိုင်းငင်းဘက်ကလည်း စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ နိုင်ဂျွန်ကိမ်းက ပြောပါတယ်။

ဇန်နဝါရီ ၄ရက် စစ်ရေးအခြေအနေငြိမ်နေပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီ နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံ့ပမ်းနဲ့ လက်နက်ခဲယမ်းတွေရတာရှိခဲ့တယ်လို့ အသိပေးပါတယ်။ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကလည်း ဇန်နဝါရီ ၂ရက်က ဖလမ်းမြို့နယ် ခွန်လီရွာအနီး တိုက်ပွဲမှာ စစ်သုံ့ပမ်း ၂ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း အသိပေးထားပါတယ်။

ချင်းညီနောင်အနေနဲ့ သိမ်းပိုက်ထားပြီးနယ်မြေတွေကိုကာကွယ်မယ့်အပြင်သိမ်းပိုက်ဖို့ ကျန်နေတဲ့ တီးတိန်မြို့ကိုလည်း အခု နှစ်သစ်မှာ သိမ်းနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက လည်းအသိပေးထားပါတယ်။

ချင်းပြည်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုတွေအရ ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့နယ်တွေအတွင်း တိုက်ပွဲတွေမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်တပ် အရာရှိတွေအပါအဝင် စစ်သားအများအပြား ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာအောက်တိုဘာလကုန်ပိုင်းမှာ တီးတိန်မြို့ကို ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားဖြည့် ထိုးစစ်ဆင်ခဲ့သလို စစ်ကိုင်း၊ မကွေးဘက်က မြေပြင်စစ်ကြောင်းတွေနဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်ခဲ့ပါတယ်။

ဒါ့အပြင်ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ စတဲ့ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကိုလည်းစစ်တပ်က လေကြောင်းက​နေတိုက်ခိုက်တာတွေ ပြုလုပ်ပြီး ဖိအားပေးခဲ့ပါတယ်။ ဒါ့​ကြောင့်ချင်းတောင်ပိုင်းကို ဦးတည်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မကွေး-ချင်း အစပ် နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ