(USAID အသုံးစရိတ် ဖြတ်တောက်မှုတွေကြောင့် နှောင့်နှေးခဲ့တာ မဟုတ်ကြောင်း ကာကွယ်ပြောဆို)
ငလျင်ဘေးသင့် မြန်မာနိုင်ငံဆီ အကူအညီပေးရေး အဖွဲ့တစ်ခုကို စေလွှတ်လိုက်ပြီလို့ မတ်လ ၃၁ ရက်နေ့မှာ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။
ဖျက်ဆီးအား ပြင်းထန်တဲ့ ငလျင်ကြီးဖြစ်ပွားပြီး ရက်အတော်ကြာမှ အဲဒီအဖွဲ့ကို စေလွှတ်နိုင်တာဟာ အမေရိကန်ရဲ့ အဓိက နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရန်ပုံငွေတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ဖြတ်တောက် လျှော့ချခဲ့တာကြောင့် ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း အမေရိကန် အစိုးရက ငြင်းဆန်သွားခဲ့ပါတယ်။
အမေရိကန်ဟာ မြန်မာနိုင်ငံမှာ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာတင် ငလျင်ဘေးသင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံအတွက် ဒေါ်လာ ၂ သန်း အကူအညီ ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement
အခုအခါမှာတော့ အမေရိကန်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့တစ်ခုဟာ ဒုက္ခသည်တွေ အလိုအပ်ဆုံး ကိစ္စတွေကို ဆန်းစစ်လေ့လာဖို့ ထွက်ခွာသွားပြီ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး တမ်မီ ဘရုစ်က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ အရေးပေါ် ရွက်ဖျင်တဲတွေ၊ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ သောက်ရေတွေ လိုအပ်မှု အခြေအနေတွေကိုပါ ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ နေ့မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ USAIDကို တရားဝင် ဖျက်သိမ်းမယ့်အကြောင်း လွှတ်တော်ဆီ အဆိုပြု တင်ပြခဲ့ပါတယ်။ မူလက အမေရိကန် အစိုးရဟာ USAIDရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ပရောဂျက် ၈၀ ရာခိုင်နှုန်းကို ဖြတ်တောက်ထားစေခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက USAIDဟာ စရိတ်တွေ အရမ်းများများ သုံးထားရပေမယ့် ရရှိတဲ့ အကျိုးကျေးဇူး ဖြစ်ထွန်းမှုက နည်းလွန်းတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။
တခြား အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ဟာ မြန်မာနိုင်ငံကို ကယ်ဆယ်ရေး မစ်ရှင်တွေ အသီးသီး စေလွှတ်ပြီး ဖြစ်ပေမယ့် အမေရိကန်က နောက်ကျကျန်နေတဲ့ ကိစ္စကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဘရုစ်က USAID အသုံးစရိတ် ဖြတ်တောက်မှုကြောင့်ဆိုတဲ့ အတွေးမျိုးကိုတော့ သူ့အနေနဲ့ ငြင်းပယ်မှာဖြစ်ကြောင်း၊ ဒီကိစ္စမှာ ထည့်တွက်ရမယ့် အကြောင်းတရားတွေ အများကြီးရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောပေမယ့် အမေရိကန်ဟာ အာဏာသိမ်း မြန်မာ စစ်ကောင်စီဆီက တရားဝင် အကူအညီ တောင်းခံမှုကို ရရှိခဲ့ပြီး ဖြစ်တယ်လို့တော့ ဘရုစ်က ဆိုပါတယ်။ စစ်ကောင်စီဟာ အမေရိကန်ရဲ့ ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရပါတယ်။
နောက်ပြီး အမေရိကန်က ထောက်ပံ့မယ့် ဒေါ်လာ ၂ သန်းဟာလည်း မြေပြင်ပေါ်မှာ အမှန်တကယ် လုပ်ငန်းလည်ပတ်နေတဲ့ အဖွဲ့အစည်းတွေဆီ တိုက်ရိုက် ရောက်ရှိမှာ ဖြစ်တယ်လို့ ဘရုစ်က အတည်ပြုခဲ့ပါတယ်။
အမေရိကန်ဟာ ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်နေဆဲ ကာလမှာလည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အချိန်မှာ ကယ်ဆယ်ရေးပစ္စည်း ကီလိုဂရမ် ၅ သိန်းလောက်ကို လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ဖူးပါတယ်။
ကိုးကား: Reuters
