မတ်-၃၁၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီသည် ယနေ့ (မတ်လ ၃၁ရက်) တစ်ရက်တည်း စစ်ကိုင်း၊မကွေးနှင့် မန္တလေးတိုင်းတို့ကို လေကြောင်းမှ ဗုံးအလုံးရေ ၆၀ ထက်မနည်း ကြဲတိုက်ခိုက်ခဲ့သည်။
ပြည်သူ ထောင်နှင့်ချီသေဆုံးနေရသည့် ငလျင်ကယ်ဆယ်ရေးကို နိုင်ငံတကာသို့ အကူအညီတောင်းခံပြီးနောက် တိုက်ပွဲမရှိသည့်နေရာများကိုပါ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် PDF ခေါင်းဆောင်အချို့က ပြောသည်။
စစ်ကောင်စီသည် ယနေ့တစ်ရက်တည်း လေကြောင်းမှ ဂျက်လေယာဥ် ခြောက်စီး၊Y12 လေယာဥ် တစ်စီးနှင့် စက်တပ်လေထီးတို့ဖြင့် ဗုံးအလုံးရေ ၆၀ထက်မနည်း ကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
ယနေ့ည ၉နာရီ ၁၅မိနစ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အရှေ့ခြမ်းရှိ နွယ်ခွေကျေးရွာဘက်သို့ စက်တပ်လေထီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုသန့်က လူထုနွေဦးသို့ ပြောသည်။
“NUGရဲ့ လမ်းညွှန်ချက်အတိုင်း ဘာစစ်ရေးစစ်ရာမှ မလုပ်ဘဲ နေနေတာ။ဒီည ၉ နာရီ ၁၅ မိနစ်ကနေ စပြီး စက်တပ်လေထီးနဲ့ ဗုံးငါးလုံးကြဲသွားတယ်။ လူထိခိုက်မှု မသိရသေးဘူး။အခုက ကျွန်တော်တို့ ငလျင်ဒဏ်သင့် လူထုအပေါ် ငဲ့ကွက်နေလို့ ။ဒီ စခ ဆိုတဲ့ကောင်တွေက နဂိုကတည်းကမှ လူထုဆိုတာမရှိခဲ့ဘူး”ဟု ကိုသန့်က ပြောသည်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ် မြို့လှလျှပ်စစ်ဓာတ်အားခွဲရုံအနီးကိုလည်း ယနေ့ နံနက် ၈ နာရီကျော်ကစ၍ လေကြောင်းမှ ငါးကြိမ်ထက်မနည်း ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း စလင်းပကဖ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးသို့ အသိပေးသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့လည် ၁နာရီ မိနစ် ၂၀မှ ၂ နာရီ ၁၅မိနစ်အထိ စလင်းမြို့နယ်လင်းဇင်းတိုက်နယ်၊ ကံပြားတိုက်နယ်အတွင်းရှိ ကျေးရွာများကို ဂျက်ဖိုက်တာ သုံးစီးအပြင် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ကျော် ကြဲချခဲ့သည်ဟု ဆိုသည်။
“ပြည်သူထိခိုက်မှုရှိပေမဲ့ လုံးဝ တောက်လျှောက်ဖြစ်နေလို့ အတည်မပြုနိုင်ပါဘူး။ပျက်စီးဆုံးရှုံးမှုများ တယ်”ဟု ကိုအောင်ဆန်းက စစ်ကောင်စီ၏ ယနေ့ လေကြောင်းတိုက်ခိုက်ခံရသည့်ဖြစ်စဥ်ကို ရှင်းပြသည်။
မတ်လ ၂ ရက်ကတည်းက စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃၆ ဦးသေဆုံးခဲ့ရသော မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီက ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ လူထုနွေဦးအနေဖြင့် အတည်ပြုရန်စုံစမ်းနေဆဲ ဖြစ်သည်။
အင်အားပြင်း ငလျင်လှုပ်ခတ်သည့် မတ်လ ၂၈ရက်ကစ၍ ချောင်းဦး၊ဖြူးနှင့် နောင်ချိုမြို့နယ်တို့ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများရှိခဲ့သည်။ထို့အပြင် မတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ကချင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သေးသည်။
နိုင်ငံအတွင်း ငလျင်ဒဏ်ခံစားနေရချိန် စစ်ကောင်စီက တိုက်ပွဲနေရာများသာမက တိုက်ပွဲမရှိသည့်နေရာများကိုပါ အဆတ်မပြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက မတ်လ ၃၀ရက် သတင်းတွင် ထည့်သွင်းဖော်ပြသည်။
နိုင်ငံတစ်ဝန်း ငလျင်ဒဏ်သင့်ပြည်သူများကို အရေးပေါ် ကူညီရေးနှင့် ကယ်ဆယ်ရေလုပ်ဆောင်နိုင်ရန် ယနေ့(မတ်လ ၃၀ရက်)မှ ဧပြီ ၁၂ရက်အထိနှစ်ပတ်ကြာ ထိုးစစ်များရပ်တန့်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ကြေညာထားသည်။
