မတ် ၃၁၊ ၂၀၂၅။ အီယိုရီ/People’s Spring
မြန်မာ့သမိုင်းတလျှောက် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးအများဆုံး မြေငလျင်ကြီးသတင်းကို နိုင်ငံတကာမှ သတင်းထောက်များ လာရောက် သတင်းရယူရန် ခွင့်တောင်းသော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း သိရသည်။
နိုင်ငံခြားသတင်းထောက်များက ပြင်းရစ်ချ်တာစကေး ၇.၇ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက် သတင်းရယူရန် ခွင့်တောင်းခံမှုများ ရှိကြောင်းနှင့် စစ်ကောင်စီက တည်းစရာ၊ နေစရာ အဆင်မပြေမှုကို အကြောင်းပြကာ ဝင်ရောက်ခွင့်မပြုခြင်းဖြစ်သည်။
“နိုင်ငံခြားသတင်းထောက်များအနေနဲ့ ဒီကိုရောက်လာရင်လည်း ကျွန်တော်တို့ တည်းစရာ၊ နေစရာ အဆင်မပြေပါဘူးခင်ဗျ။ ဒီဟိုတယ်တော်တော်များများကလည်းထိခိုက်ထားတာရှိတယ်။ ဒါ့အပြင် လျှပ်စစ်မီးလည်း တော်တော်များများနေရာမှာ မရရှိသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော််တို့ အားလုံးကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်” ဟု အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ယမန်နေ့(မတ်လ ၃၀ရက်)တွင်ပြောသည်။

Public Service Announcement
စစ်ကောင်စီ၏ အထက်ပါအကြောင်းပြချက်သည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ သဘာဝဘေးအန္တရာယ်သင့် ဒေသများ၊ စစ်ပွဲဒေသများ၊ ပဋိပက္ခဒေသများသို့ သွားရောက်သတင်းယူနေသည့် နိုင်ငံတကာသတင်းထောက်များအတွက် စစ်ကောင်စီ ပြောဆိုသည့်အချက်များထက် မြေပြင်အခြေအနေအမှန်သတင်းရရှိရေးကသာပိုမိုအရေးကြီးကြောင်းကို သိရှိထားပြီးဖြစ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)ဥက္ကဋ္ဌ နန်းဖော့ဂေက သုံးသပ်သည်။
“တကယ်တမ်းဆိုရင် အခုလို နိုင်ငံတကာအကူအညီတွေအများကြီးလိုအပ်နေတဲ့အချိန်မှာစစ်ကောင်စီအနေနဲ့ နိုင်ငံခြားသတင်းထောက်တွေကို သတင်းရယူခွင့် ပေးသင့်တာပေါ့။ ဒါမှသာ မြေပြင်အခြေအနေကို နိုင်ငံတကာက သိရှိပြီး မြန်မာပြည်သူတွေ တကယ်လိုအပ်နေတဲ့အကူအညီတွေ ပေးနိုင်မှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။
သို့သော်စစ်ကောင်စီသည် မတ်လ ၂၇ ရက်စစ်ရေးပြအခမ်းအနားသို့မူ နိုင်ငံတကာမီဒီယာများကိုဖိတ်ခေါ်သတင်းရယူခွင့်ပြုခဲ့သည်။ထိုအခမ်းအနားလာပြီး မတ် ၂၈ ရက်မွန်းလွဲပိုင်းတွင်မပြန်သေးသောသတင်းထောင်အချို့မှာ မြေငလျင်သတင်းကိုမှတ်တမ်းရယူခွင့်ရလိုက်ကြသေးသည်။ အယ်လ်ဂျာဇီးယား သတင်းဌာနမှ မတ် ၂၈ ရက်မွန်းလွဲပိုင်းကငလျင်လှုပ်နေချိန်တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်း နှင့်အင်တာဗျူးအတွက်စစ်ကောင်စီရုံးရောက်နေစဥ် ငလျင်ကြီးလှုပ်၍ အဆောက်အအုံအတွင်းမှထွက်ပြေးကာမြေငလျင်သတင်းကိုမှတ်တမ်းရယူနိုင်ခဲ့သည်။
အင်အားပြင်းငလျင်နောက်ဆက်တွဲ မြန်မာပြည်သူများတွေ့ကြုံခံစားနေရသည့် မြေပြင်အခြေအနေများကို နိုင်ငံတကာက စိုးရိမ်ပြီး သိရှိလိုကြကြောင်း စင်ကာပူအခြေစိုက် သတင်းဌာနတစ်ခုမှ အယ်ဒီတာတစ်ဦးက ပြောသည်။
“နိုင်ငံခြားသတင်းထောက်တွေအပါအဝင် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ မြေပြင်မှာ ဘာဖြစ်နေသလဲဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိမှုက သူတို့ရဲ့ ရေးသားထုတ်လုပ်လိုက်တဲ့ သတင်း(reporting)ကို ထင်ဟပ်နိုင်စွမ်းရှိပါတယ်။ ဒါတွေက တိုင်းပြည်ထဲကို လုံလောက်တဲ့၊လိုအပ်တဲ့နိုင်ငံတကာအကူအညီတွေဝင်ရောက်လာဖို့ အထောက်အပံ့ဖြစ်စေပါတယ်”ဟုအထက်ပါ နိုင်ငံခြားသတင်းဌာန အယ်ဒီတာတစ်ဦးက မှတ်ချက်ပြုသည်။
ဆက်လက်၍၎င်းက “မြေပြင်သတင်းအချက်အလက်အမှန်ကို မသိဘူးဆိုရင် ကမ္ဘာကြီးကလည်း လက်ရှိမြေပြင်အခြေအနေ လိုအပ်ချက် ဘယ်လောက်ကြီးမားတယ်ဆိုတာ သိမှာမဟုတ်ပါဘူး။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ဆိုးရွားပြီးဖြစ်တဲ့ မြန်မာနိုင်ငံအတွက်ပေါ့” ဟု သုံးသပ်သည်။
ငလျင်ဒဏ်အဆိုးဆုံးခံခဲရသော ဒေသများထဲမှတစ်ခုဖြစ်သောမန္တလေးမြို့တွင် စစ်ကောင်စီက ၎င်းတို့အလိုကျရေးသားထုတ်ဝေသည့် ပြည်တွင်းမီဒီယာများမှ သတင်းထောက်များမှ အပ ကျန်သူများသတင်းရယူခြင်းရှိ၊မရှိ စစ်ကောင်စီ၏ စရဖ များက လိုက်လံကြည့်ရှုနေကြောင်း သတင်းထောက်အချို့ကပြောသည်။စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက စစ်ကောင်စီကိုဆန့်ကျင်ရေးသောမီဒီယာများကို အကြမ်းဖက်အဖွဲ့အစည်းများကိုအရေးယူသော ပုဒ်မများကိုအရေးယူသောပုဒ်မဖြင့်အရေးယူမည်ဟုမတ်လမှာပင်ပြောခဲ့သည်။ထိုကြောင့်လွတ်လပ်သောမီဒီယာများအတွက်မြေပြင်တွင်သတင်းရယူရန်မှာအန္တရာယ်များကြောင်း သတင်းထောက်အချို့ကပြောသည်။
ထိုအပြင်မြေငလျင်ကြီးကြုံထားသော်လည်းပြည်သူများကို အင်တာနက် နှင့် ဖုန်း လိုင်းများ ဖြတ်တောက်ကန့်သတ်မှုကိုယခင်အတိုင်းပင်ပြုလုပ်ထားသည်။
မြန်မာစစ်တပ်သည် ပြည်သူ သိန်းချီသေဆုံးခဲ့ရသော ၂၀၀၈ နာဂစ်မုန်တိုင်းအပြီးတွင်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံအချို့မှလွဲ၍ နိုင်ငံတကာအကူအညီနှင့် နိုင်ငံတကာသတင်းဌာနကို ဝင်ရောက်ခွင့်မပြုခဲ့ပေ။ ထို့အတွက် မြေပြင်အခြေအနေအမှန်ကို ကမ္ဘာကြီးက ချက်ချင်းသိရှိခွင့်မရခဲ့ဘဲ ရရှိသင့်သည့် လူသားချင်းစာနာမှုအကူအညီများ မရခဲ့သဖြင့် ကယ်တင်နိုင်သည့် ပြည်သူများ၏ အသက်ပေါင်းများစွာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ နာဂစ်မုန်တိုင်းတွင်လည်း စစ်အစိုးရက သတင်းရယူခွင့်များ ပိတ်၍ သတင်းအမှောင်ချခဲ့သည်။
