မတ်-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို) မြို့နယ်နဲ့ မုန်း(မူး)မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုနဲ့ မိုင်းထောင်မှုတွေကြောင့် အရပ်သား ပြည်သူတွေထိခိုက်ဒဏ်ရာရတာ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၄ရက်က မုန်းမြို့နယ် နတ်လောင်းလေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာ၊ စစ်တပ် ထောင်တဲ့ မိုင်းနင်းမိတာ မတ်လ ၅ရက်မှာ ကျောက်ကြီးမြို့နယ် အင်းပရိရွာကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တာစတဲ့ အခြေအနေတွေကို အသိပေးထုတ်ပြန်ခဲ့တာပါ။
နတ်လောင်းလေးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးသီး ၂လုံး ကြဲချခဲ့ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ဦးတို့ ဒဏ်ရာရခဲ့သလို စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ အသက် ၃၃နှစ်အရွယ် အမျိုးသား ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
ကျောက်ကြီးမြို့နယ်ကိုလည်း စစ်ကောင်စီတပ်ရဲ့ ခလရ(၂၆၄)တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အင်းပရိရွာအတွင်း ကျရောက်ပြီး ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်ကြီး ၊ မုန်း အပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်းက အရပ်သား ပြည်သူနေထိုင်ရာ ရွာတွေကို လေကြောင်းဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။




















































