မတ်-၇၊၂၀၂၆။ဆဏ်း/People’s Spring
စစ်တပ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေနဲ့ လွတ်မြောက်နယ်မြေက ပညာသင်ကြားရေး အခွင့်အလမ်းတွေ ဆုံးရှုံးနေရတဲ့ လူငယ်တွေအတွက်ထောက်ပံ့ပေးဖို့ ရည်ရွယ်တဲ့ Our Trees ပညာရေး ဖောင်ဒေးရှင်းကို ဒီနေ့ (မတ် ၇) မှာ တော်လှန်အနုပညာရှင်ဒေါင်းက စတင်မိတ်ဆက်လိုက်ပါတယ်။
“ တော်လှန်ရေးကြောင့် ထွက်လာခဲ့ရတဲ့ လူငယ်တွေ သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေ သူတို့ဖြစ်ချင်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းလမ်းစဉ်တွေကို တစ်ခုခုအထောက်အပံ့ဖြစ်မယ့် အရာတစ်ခုခုကိုလုပ်နိုင်ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးလေးရှိခဲ့ပါတယ်။ အဲဒီ့ကနေပဲ ဆင်းသက်လာတယ်လို့ပြောရပါမယ်။” လို့ တို့သစ်ပင်များပညာရေးဖောင်ဒေးရှင်း ဖြစ်ပေါ်လာတဲ့ အကြောင်းကို ဒေါင်းက ပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ မှာ လူငယ်တွေဆီကိုသွား ရောက် ရင်းလူငယ်တွေနဲ့ စကားပြောတာကနေ ဒီအတွေးစတင်ခဲ့တာဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာလို့ ဒေါင်းကပြောပါတယ်။

Public Service Announcement

“ ကျွန်တော်တို့မှာ မျှော်လင့်ချက်တွေ စိတ်ကူးတွေရှိတယ်။ဒီမျှော်လင့်ချက်တွေ Planတွေက ဘယ်လောက်ထိ အကောင်အထည်ဖော်ပြီးတော့ ဘယ်လောက်အထိ ထိထိရောက်ရောက်ဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်တို့အလုပ်လုပ်တဲ့ အပေါ်မှာပဲစကားပြောချင်တယ်။ ဘာတွေ ဘယ်လိုလုပ်မယ် ဆိုတာ အများကြီးပြောတာထက်စာရင် ကျွန်တော်တို့အလုပ်လုပ်တဲ့အရာတွေကိုမြင်ပြီးတော့ စကားပြောချင်တယ်” လို့ဒေါင်းကပြောပါတယ်။
ဒီဖောင်ဒေးရှင်းအတွက် မတည်ငွေကို ဩစတေးလျ ၊ ဂျပန် ၊ ကိုရီးယား ကိုသွားရောက်ခဲ့တဲ့ ပြည်ပဖျော်ဖြေရေးခရီးစဉ်တွေမှာ Movie Night with Daung အစီအစဉ်ပြုလုပ်ပြီး ရှာဖွေခဲ့တာလို့ သူကရှင်းပြပါတယ်။
ပြည်ပဖျော်ဖြေရေးသုံးနိုင်ငံမှာ ဒီဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ခန့်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒီအစီအစဉ်ကနေ လူငယ်တွေအတွက် အဆင့်မြင့်ပညာအဆင့် ပညာရေး အခွင့်အလမ်းတွေကို ချိတ်ဆက်ကူညီမှာဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးပေးတာတွေလည်း ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဓိကအနေနဲ့ စစ်ဘေးသင့်ဒေသကစစ်ရှောင်တွေ ၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့ တော်လှန်လူငယ်တွေ နဲ့ လွတ်မြောက်နယ်မြေမှာရှိတဲ့ ပညာရေးအခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေအတွက် ကူညီပေးနိုင်ဖို့ ဦးတည်ထားတယ်လို့ ဖောင်ဒေးရှင်းကအသိပေးထားပါတယ်။
“ Our Trees ဆိုတာကျွန်တော်တို့စိတ်ကူးပြီး ဦးဆောင်ပြီးလုပ်ပေမယ့်ကျွန်တော်တို့အဓိကရည်ရွယ်ချက်က ဒါကပြည်သူတွေနဲ့သက်ဆိုင်တဲ့ ပေါင်းကူးတံတားတစ်ခု တံတားပေါက်တစ်ချပ်ဖြစ်ပြီဆိုရင် ကျွန်တော်တို့လုပ်တဲ့အရာကအောင်မြင်ပြီလို့ ယုံကြည်ပါတယ်။ဒီတံခါးပေါက်ကနေဖွင့်ပြီးတော့ သူတို့ကူချင်တဲ့အရာတစ်ခုကို ဒီဘက်ကတကယ်လိုအပ်တဲ့လူတွေကိုပေးနိုင်တဲ့ တံခါးပေါက်ဖြစ်ပြီဆိုရင် ကျွန်တော်တို့လုပ်နိုင်တဲ့ Our Treesကကျွန်တော့်စိတ်ကူး တစ်ကိုယ်ရေတစ်ကာယယုံကြည်တယ်” လို့ ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး ဒေါင်းကပြောပါတယ်
Our Trees ပညာရေးဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို https://web.facebook.com/ourtreesedu/ နဲ့ https://www.ourtrees-education.com/ တွေကနေ ဖော်ပြသွားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ၂၀၁၀ လောက်ကတည်းက ကချင် စစ်ရှောင်စခန်းတွေမှာ ပညာရေးကဏ္ဍအတွက်လုပ်ဆောင်နေတဲ့ မအက်စတာဇေနော နဲ့ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်တွေလည်း ပါဝင်ကူညီနေတယ်လို့ သိရပါတယ်။
“ ဒီအဖွဲ့အစည်းသည် အခြေခံပညာမဟုတ်ပဲ အဆင့်မြင့်ပညာပိုင်းကို Focus ထားတာဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် မိုလို့ အဆင့်မြင့်ပညာဆိုရင် ကရင်မှာဆိုရင်တော့ Junior College နဲ့ထက်ပညာရေးကို ဆိုလိုချင်တာဖြစ်တယ်။ Junior Collegeနဲ့အထက်ပညာရေးက လူငယ်တွေအတွက်ရည်ရွယ်တယ်” လို့ ဒီဖောင်ဒေးရှင်းရဲ့ ပူးတွဲတည်ထောင်သူဖြစ်သလို Program Director(Operation)တာဝန်ယူထားတဲ့မအက်စတာဇေနောက ပြောပါတယ် ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ Our Trees ပညာရေး ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ် ၊ gmail ၊ ဝက်ဆိုက်ဒ်တွေကနေ ဆက်သွယ်ပြီး Our Trees အဖွဲ့ဝင်တွေဖြစ်လာဖို့ မအက်စတာဇေနောကဖိတ်ခေါ်ထားပါတယ်။
















































