ဒီည သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲ ကပြခွင့်ရဟုဆို
ဖေဖော်ဝါရီ-၂၇၊၂၀၂၆။ဆဏ်း/People’s Spring
မသန်စွမ်းသူတွေရဲ့ သွားလာလှုပ်ရှားတဲ့ ပုံစံကို ဟာသအနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အောင်ဇဗ္ဗူ ဇာတ်အဖွဲ့ကို စစ်ကောင်စီလက်အောက်ခံ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ကပြခွင့် တစ်နှစ်ပိတ်လိုက်တယ်ပါတယ်။
“ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ အကြောင်းကြားစာနှင့်အတူ ယနေ့မှစ၍ အောင်ဇမ္ဗူ ဇာတ်သဘင်အား ပွဲကပြခွင့် တစ်နှစ်တိတိ ပိတ်လိုက်ပါသဖြင့် ယနေ့ ကပြမည့် သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်ကြိုတင်ဝယ်ယူထားသူများ ဇာတ်ရုံတွင် ယနေ့ည ၇ နာရီမှ စတင်၍ ပြန်လည်လာရောက် ထုတ်ယူနိုင်ပါပြီ” လို့ ဇာတ်အဖွဲ့ရဲ့ မန်နေဂျာ ကိုကျော်ဇေယျက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

Public Service Announcement
အောင်ဇဗ္ဗူဇာတ်သဘင်အဖွဲ့နဲ့ပတ်သက်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေရဲ့ တိုင်ကြားချက်တွေကြောင့် အရေးယူဆောင်ရွက်ရတာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်ရက်စွဲနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပွဲကခွင့်တစ်နှစ်ပိတ်တဲ့အပေါ် ဝေဖန်သူတွေရှိသလို အာဏာရှင်လက်အောက်မှာနေထိုင်ရတဲ့ အခြေအနေမှန်ဖြစ်ကြောင်း ထောက်ပြသူတွေလည်းရှိပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေနဲ့ သက်ဆိုင်ရာဌာနတွေကို အသနားခံတင်ပြနေတယ်လို့ ဒီနေ့ည ၉ နာရီမှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။
အောင်ဇဗ္ဗူဇာတ်အဖွဲ့ ပြန်လည်ကပြခွင့်ရရှိတယ်လို့ ဇာတ်အဖွဲ့သားတစ်ဦးရဲ့ လူမှုကွန်ရက်မှာတင်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်း ပြန်ဖျက်သွားပါတယ်။
ဒီနေ့ကပြမယ့်ပွဲကိုတော့ ကြည့်ရှုမယ့်ပရိသတ်တွေ အပြည့်ရောက်နေပြီး ပွဲစတင်နေပြီလို့ ပရိသတ်တွေက ဗီဒီယိုဖိုင်တွေနဲ့အတူတင်ထားပါတယ်။
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဟာ ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရားပွဲမှာ အောင်ဇမ္ဗူအပါအဝင် ဇာတ်ထဲက လူရွှင်တော်တွေ၊ မင်းသမီးတွေက ကျီစားသလား သီချင်းတီးလုံးနဲ့ မသန်စွမ်းသူတွေရဲ့ လမ်းလျှောက်တဲ့ပုံစံနဲ့ ကပြခဲ့တာဖြစ်ပြီး အဲဒီကပြမှုကို လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ တင်ခဲ့တာကြောင့် မသန်စွမ်းသူတွေအပါအဝင် ပြည်သူတွေက ဝေဖန်ခဲ့ကြတာပါ။
အောင်ဇဗ္ဗူက အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး မီဒီယာ တွေကနေ သူ့ဘက်ကမှားရင်တော့ တောင်းပန်ပါတယ်လို့ ပြောကြားထားပါတယ်။
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့လကလည်း ဖျော်ဖြေပွဲတစ်ခုမှာ လူရွှင်တော် ဖြိုးဖြိုးက ပရိသတ်ထဲက ကလေးငယ်တစ်ယောက်ကို ချီပိုးပြီး မဖွယ်မရာစနောက်ခဲ့လို့ သဘင်အစည်းအရုံးက သတိပေးကာ ခံဝန်ထိုးခဲ့ရပါသေးတယ်။
ဒါ့အပြင် မန္တလေးမြို့မှာ ဖျော်ဖြေချိန်ကလည်း ဘာသာသနာကိုစော်ကားတဲ့ပြက်လုံးတွေ ပြတ်လို့ဆိုပြီး ဝေဖန်ကြတာကြောင့် ၎င်းဇာတ်က လူရွှင်တော်ဖြိုးဖြိုးက ထပ်မံတောင်းပန်ခဲ့ရပါသေးတယ်။
နိုင်ငံတဝန်းနေရာအများအပြားမှာ စစ်တပ်က ပြည်သူတွေကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်နေချိန်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒေသအချို့မှာ ဘုရားပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး ဇာတ်သဘင်တွေထည့်သွင်းကပြနေတဲ့အပေါ်မှာလည်း ပြည်သူတွေက ဝေဖန်နေကြပါတယ်။
(အမှားပြင်ဆင်ချက် ။ ။ ကနဦး ဒုတိယခေါင်းစဥ်တွင် ဒီည မိုးကောင်းပွဲ ကပြခွင့်ရဟုဆို အစား ဒီည သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲ ကပြခွင့်ရဟုဆို ပြင်ဆင်ထားပါသည်။)

















































