ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး NUG အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ CDM တွေနဲ့ လူထုအပေါ် အလေးထားတုံ့ပြန် ဆောင်ရွက်ခဲ့တာကို အထူးလေးစား အသိအမှတ်ပြု ကြိုဆိုကြောင်း CDM ကျန်းမာရေးကွန်ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဒေါ်ကြည်ပြာအမှု ပြည်ထောင်စုဝန်ကြီးချုပ် အမိန့်စာအပေါ် လက်မခံတာကြောင့် CDM ကျန်းမာရေးကွန်ယက်က ဖေဖော်ဝါရီ ၂၀ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုချက် ၆ချက် တောင်းဆိုခဲ့တဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်ထားကြောင်း ဖော်ပြခဲ့ပါတယ်။
အဲဒီလို ထုတ်ပြန်ခဲ့တဲ့အပေါ် ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၂၅ရက်မှာ အတွင်းရေး အဆင့် ဖြင့် ပြည်ထောင်စုဝန်ကြီး လက်မှတ်ပါ စာနဲ့ အကြောင်းပြန်ကြားလာတဲ့အပေါ် CDM ကျန်းမာရေးကွန်ယက်က ဒီကနေ့ရက်စွဲနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လုပ်တော့မယ်လို့ အသိပေးကာ အာဏာရှင်စနစ် ပပျောက်ရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုကို NUGနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ဖော်ပြခဲ့တာပါ။

Public Service Announcement
” အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန် ကာလများတွင် ယခုကဲ့သို့ပင် အစိုးရနှင့်ပြည်သူ တစ်သားတည်း အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး တော်လှန်ရေးခရီးကို ဆက်လက်လက်တွဲ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်” လို့ ထုတ်ပြန်ချက်မျာ ရေးသားထားပါတယ်။
အခုထုတ်ပြန်ချက်မှာ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရဲ့ ပြန်ကြားစာဟာ CDM ကျန်းမာရေးကွန်ယက်ရဲ့ တောင်းဆိုချက် (၆)ချက်နဲ့ ကိုက်ညီခြင်းရှိမရှိ၊ ရှေလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ဖို့ အဖွဲ့အစည်းအတွင်း CDM ကိုယ်စားလှယ်များထံ ပြန်လည် တင်ပြဆွေးနွေးခဲ့တယ်လို့လည်း အသိပေးပါတယ်။
အဲဒီလို ဆွေးနွေးပြီး သဘောတူညီချက် ရရှိခဲ့တဲ့ အခြေအနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ ဆန္ဒသဘောထားခံယူခဲ့ရာမှာ အများစုရဲ့ သဘောထား မှတ်ချက်များအရ CDM ကျန်းမာရေးကွန်ယက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်တာလို့လည်း ထုတ်ပြန်ပါတယ်။
တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးဝန်ကြီးချုပ်ရုံးအနေဖြင့် တစုံတရာ ထိခိုက်ခံစားခဲ့ရသော CDMတွေနဲ့ ပြည်သူလူထုအပေါ် အနူးအညွတ်တောင်းပန်ကြောင်း ပြန်ကြားခဲ့တာ အပါအဝင် အချက်အလက်တွေဟာ CDM ကျန်းမာရေးကွန်ယက်ရဲ့ တောင်းဆိုချက်တွေနဲ့ အတတ်နိုင်ဆုံးကိုက်ညီမှုရှိစေဖို့ ဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရတယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နွေဦးတော်လှန်ရေးရဲ့ အဓိကထောက်တိုင် တစ်ခုဖြစ်တဲ့ CDM တွေရဲ့ အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုပြီး ဆက်လက်လက်တွဲ ဆောင်ရွက်မည်ဟု ထပ်မံကတိပြုကြောင်း ပြန်ကြားခဲ့တဲ့အပြင် CDM ကျန်းမာရေးကွန်ယက်အနေဖြင့် ပြည်သူလူထုနဲ့ တော်လှန်ရေးရဲ့ အကျိုးကို ရှေးရှုပြီး ရပ်တန့်ထားသော လုပ်ငန်းကိစ္စများကို အမြန်ပြန်လည်ဆောင်ရွက်ဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူပဲ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ တိုင်ကြားခံရမှု ကိစ္စနဲ့ပတ်သက်ပြီး စု့စမ်းစစ်ဆေးရေး အဖွဲရဲ့ ရှင်းလင်းချက် ထုတ်ပြန်ရှင်းလင်းပေးမှု အပေါ် ကြိုဆိုကြောင်း NUG ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ က ထုတ်ပြန်ခဲ့ပြီး ခေတ္တရပ်နား ထားခဲ့ရသော စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်လုပ်ဆောင်မယ်လို အသိပေးခဲ့ပါတယ်။
ဒါ့အပြင်ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုဖြစ်တဲ့ ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(KSCCSC) ၊ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-SFU)၊ ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(BRCC)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ အဖွဲ့အစည်း(YFCCO) တို့က လည်းအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ မကြည်ပြာတိုင်ကြားခံရမှု နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေ ထုတ်ပြန်ခဲ့ရာ မကြည်ပြာကို ပြင်းထန်စွာ သတိပေးတာ၊ မကြည်ပြာရဲ့ ခင်ပွန်းနဲ့ တူ ၂ဦးကို တာဝန်က ရပ်ဆိုင်းတာ အပါအဝင် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရှိကြောင်း ရှင်းလင်း အသိပေးခဲ့ပါတယ်။ မကြည်ပြာ အနေနဲ့လည်း စုံစမ်းရေးအစီရင်ခံစာ တွေ့ရှိချက် ထုတ်ပြန်ရှင်းလင်းတဲ့နေ့မှာပဲ တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုဖို့ စာတင်ပြခဲ့တာပါ။
စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း CDM တွေနဲ့ ထောက်ပို့ ပြည်သူတွေကို အလေးထားလို့ သတင်းစာ ရှင်းလင်းပွဲကို အမြန် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ CDM တွေက တော်လှန်ရေးရဲ့ ထောက်တိုင်ဖြစ်ပြီး CDM တွေမရှိရင် NUG လည်ပတ်ဖို့ မဖြစ်နိုင်ဘူး လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့ပြီး ပြည်သူတွေ ၊ ထောက်ပို့တွေ ၊ CDM တွေ နဲ့အတူ NUG က တသားတည်း ရပ်တည်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

















































