ဖေဖော်ဝါရီ-၂၇၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြင်းခြံ-မြို့သာလမ်းပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ် လို့ ခရီးသွားယာဥ်တစ်စီးထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းက စစ်တပ်ဟာ ငါန်းဇွန် မြို့နယ်၊ မြို့သာရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်လို့ ခရီးသွားယာဥ်တစ်စီးလက်နက်ကြီးထိပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။
“ မြို့သာလမ်းက လူသွားလူလာလည်းတော်တော်ပြတ်တယ်။ တော်တော်များများ မသွားကြဘူး” လို့ မြို့သာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အဲဒီနေ့မနက်ပိုင်းကပဲ မြို့သာစက်မှုဇုန်က စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ရွာစိုက်ကျေးရွာက ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း အထက်ပါကော်မတီက ထပ်မံအသိပေးပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မြင်းခြံ-မြို့သာလမ်းကို သွားလာတာမပြုကြဖို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတိပေးပါတယ်။
စစ်တပ်ဟာ မြင်းခြံနယ်အတွင်း စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ မြို့သာလမ်းအနီးမှာပဲ ၂၀၂၄ ဇွန်လက ဝင်နိမ္မိတာရုံဆရာတော်လိုက်ပါလာတဲ့ကားကို စစ်တပ်ကလိုက်ပစ်လို့ ဆရာတော်ပျံလွန်တော်မူခဲ့ဖူးပါတယ်။
















































