ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေ အတွင်းကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာ လေးရက်အတွင်း နေရာ ၂၄ နေရာကို ဗုံးကြဲခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက ပြောပြတာပါ။
ဒီလို လေကြောင်းတိုက်ခိုက်ရာမှာ KIA တပ်မဟာ(၁)၊ တပ်မဟာ(၂) နေရာအချို့မှာသာ KIA တပ်စွဲထားတဲ့ နေရာတွေ တိုက်ခိုက်ခံရတာဖြစ်ပြီး အများစုက အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်တာလို့ အသိပေးပါတယ်။

Public Service Announcement
“ တခြားနေရာမှာတော့ပြည်သူလူထုရှိတဲ့ရွာတွေ အိမ်တွေမှာဗုံးကျဲတာရှိပါတယ်။ ဗုံးကြဲတဲ့နေရာ ၂၁ရက်နေ့ကနေ၂၄ရက်နေ့အထိဘယ်နှစ်ဆယ့်လေးနေရာ ဗုံးကြဲတာရှိပါတယ်။ ပြည်သူလူထုထိခိုက်တာ သေဆုံးသွားတာ ဒဏ်ရာရတာတွေ အဆောက်အဦ ပျက်စီးတာတွေ အဲဒီ ဒေတာတွေကတော့ မရသေးပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒေသသတင်းရင်းမြစ်အချို့ရဲ့ အသိပေးချက်အရ စစ်တပ် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၀ရက်မှာ မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး KIA၊ PDF တပ်တွေကို စွပ်စွဲထားကာ ပြင်းပြင်းထန်ထန် တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ လေဆိပ်တိုက်ခိုက်မှုကို လုပ်ဆောင်ခြင်းမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIAမှာ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်မှု မလုပ်ခဲ့သလို နောင်လည်း လုပ်မှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီနဲ့ နောက်လိုက်တွေက KIA ကို လေကြောင်းဗုံးကြဲဖို့ တပြိုင်တည်း ဝါဒဖြန့် နှိုးဆော်နေတာတွေရှိသလို မနက်ဖြန် ဖေဖော်ဝါရီ ၂၇ရက်မှာလည်း မြစ်ကြီးနားမြို့မှာ KIA ကို ဆန္ဒပြဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ်လို့ ဒေသခံအချို့နဲ့ ကချင်စစ်ဘက် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

















































