close
Connect with us

Hi, what are you looking for?

သတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကျော်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ရေးလုပ်ဆောင်ဖို့ NUG တောင်းဆို

၂၀၂၆ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ထပ်လောင်းအတည်ပြုတာကနေကျော်လွန်ကာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အာဆီယံဌာနချုပ်မှာ ၂၀၂၁ ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ်။ ဓာတ်ပုံ - AFP

ဖေဖော်ဝါရီ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

၂၀၂၆ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ထပ်လောင်းအတည်ပြုတာကနေကျော်လွန်ကာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ရက် နေ့စွဲနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဘုံသဘောတူညီချက် (၅) ရပ်အား အကောင်အထည်ဖော်ဆောင်မှုတို့အပေါ် သဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးချက်တွေကို သိရှိမှတ်သားရကြောင်းနဲ့ အာဆီယံရဲ့ မြန်မာ့အရေးအပေါ် ဆက်လက်အလေးထားအာရုံ စိုက်နေမှုကို ကြိုဆိုကြောင်း ဦးစွာဖော်ပြပါတယ်။ အဲဒီလို ကြိုဆိုသလို ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး လူထုဗဟိုပြုတဲ့ အာဆီယံဖြစ်လာစေရေး လိုအပ်ချက်ကို ထင်ဟပ်ပြသလျက်ရှိတဲ့ “Navigating Our Future, Together” ဟူသော ဖိလစ်ပိုင် နိုင်ငံရဲ့ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မယ့် ဆောင်ပုဒ်ကိုလည်း ထောက်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ ဒေသဆိုင်ရာမူဘောင်တစ်ရပ်အဖြစ်ထားရှိတဲ့ NUG ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်း အသိပေးပြီး ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားတဲ့ အာဆီယံသုံးနိုင်ငံတွဲဖက်အဖွဲ့(Troika)ရဲ့ ဆက်လက်တည်ရှိရေး၊ ဒေသ ဆိုင်ရာ စုစည်းညီညွတ်တဲ့ တုံ့ပြန်မှုဖြစ်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုတွေကိုလည်း အသိအမှတ်ပြုကြောင်း ဖော်ပြပါတယ်။

ဒါပေမဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေဟာ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးအဖြစ် အမှန်တကယ်ဖြစ်လာစေနိုင်ရေး ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အခြေခံများကို အကောင်အထည်ဖော်ဆောင်ရွက်တာ၊ နိုင်ငံရေးအရ တရားဝင်မှုနဲ့ အများယုံကြည်လက်ခံနိုင်မှုရှိစေဖို့ ဆောင်ရွက်တာ၊ မူဝါဒအခြေခံပြီး၊ အားလုံးပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ရရှိစေဖို့ ဆောင်ရွက်တာ၊ သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika) နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို ခိုင်မာအားကောင်းစေဖို့ ဆောင်ရွက်တာတွေဟာ ဦးစားပေးအချက်တွေဖြစ်ကြောင်း NUGက ဖော်ပြခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေခံများကို အကောင်အထည်ဖော်ဆောင်ရွက်တာနဲ့ပတ်သက်တဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး “မြေပြင်တွင် သိသာထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှုများ မရှိသေးသည့်အပေါ် အာဆီယံ ဥက္ကဋ္ဌ၏ စိုးရိမ်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရက သဘောတူပါသည်။ ယခုနှစ် အာဆီယံဥက္ကဋ္ဌ၏ “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအခြေခံများ” အား အကောင်အထည်ဖော် နိုင်ရန်အတွက် အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်အား ထပ်လောင်းအတည်ပြုနေခြင်းမှ ကျော်လွန်ကာ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ရှင်းလင်းပြတ်သားပြီး တိုင်းတာနိုင် သည့်စံနှုန်းများ ချမှတ်နိုင်ရေးဆီသို့ မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။

အရပ်သားပြည်သူများအား ကာကွယ်ပေးခြင်းသည် ရည်မှန်းချက်တစ်ရပ်မျှသာမဟုတ်ဘဲ လိုအပ်ချက်တစ်ရပ်ဖြစ်လာစေရေးအတွက် တရားဝင်သည့် သက်ဆိုင်သူအစုအဖွဲ့အားလုံးနှင့် ပူးပေါင်း၍ စောင့်ကြည့်ရေးယန္တရားများ ထူထောင်ပေးပါရန် အာဆီယံအား ဖိတ်ခေါ်ပါသည်” လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအရ တရားဝင်မှုနဲ့ အများယုံကြည်လက်ခံနိုင်မှုရှိစေဖို့ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး ဘယ် နိုင်ငံရေး သို့မဟုတ် ရွေးကောက်ပွဲလုပ်ငန်းစဉ်မဆို အကြမ်းဖက်မှုတွေကို ရပ်စဲပြီး နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေရှိမှသာ ဆောင်ရွက်နိုင်မယ်လို့ NUG ရဲ့ အလေးအနက် ဖော်ပြမှုလည်း ပါရှိပါတယ်။

” လူထုထောက်ခံမှု (သို့မဟုတ်) ဥပဒေအရတရားဝင်မှု မရှိသည့် တဖက်သတ်လုပ်ငန်းစဉ်များအား အသိအမှတ် မပြုသည့် အာဆီယံ၏ မူဝါဒအခြေခံသဘောထားရပ်တည်ချက်ကို ကြိုဆိုပါသည်။ ရေရှည် တည်တံ့သည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်ရာ၌ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံ ဆွေးနွေးမှုနှင့် ဖက်ဒရယ်ရေးရာ ရည်မှန်းချက် များက အခြေခံအုတ်မြစ်အဖြစ် တည်ရှိရမည် ဖြစ်ပါသည်” လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မူဝါဒအခြေခံပြီး၊ အားလုံးပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေဖို့ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး ဖော်ပြချက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းမှုတွေမှာ အာဆီယံရဲ့ AHA Centre ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍနဲ့ ရရှိလာတဲ့ တိုးတက်မှုအခြေအနေတွေကို အသိအမှတ်ပြုကြောင်း ပါရှိပါတယ်။

” ပိုမိုထိရောက်မှုရှိစေရန်အတွက် အကူအညီများသည် မူဝါဒအရဖြစ်ကာ လိုအပ်ချက်များ အပေါ် အခြေခံရမည်ဖြစ်သည်။ လက်ရှိကာလ၌ နိုင်ငံ၏ဒေသအများအပြားတွင် အရေးပါ သည့် ဝန်ဆောင်မှုများနှင့် အုပ်ချုပ်မှုလုပ်ငန်းများ ပံ့ပိုးပေးလျက်ရှိသည့် ဒီမိုကရေစီအင်အားစု များ၊ တိုင်းရင်းသားအဖွဲ့နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိလူထုထံသို့ ခွဲခြားမှုမရှိဘဲ အကူအညီများ ရှောက်ရှိနိုင်မည့် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း အလေးထား ဖော်ပြအပ်ပါသည်။” လို့လည်း ထုတ်ပြန်ပါတယ်။

သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika)နဲ့ အာဆီယံအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ခိုင်မာအားကောင်းစေဖို့ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အတွက် ခိုင်မာအားကောင်းပြီး အခွင့်အာဏာပြည့်ဝတဲ့လုပ်ပိုင်ခွင့်ကို အားပေးထောက်ခံတယ်လို့ အသိပေးပါတယ်။

မလေးရှားနိုင်ငံက ကနဦးစတင်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံက ဆက်လက်လုပ်ဆောင်နေ တဲ့ သံတမန်ရေးရာအရှိန်အဟုန်ကို ထိန်းသိမ်းသွားနိုင်ဖို့ အတွက် သုံးနိုင်ငံတွဲဖက်ယန္တရား ကို ပိုမိုအားဖြည့်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြေပြင်တွင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများကို မှန်ကန်စွာ ထင်ဟပ် စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် ပိုမိုကျယ်ပြန့်စုံလင်တဲ့ သက်ဆိုင်သူအစုအဖွဲ့တွေနဲ့ တရားဝင်နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်သွားဖို့ အလွန်အရေးပါဆဲဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် မြန်မာ နိုင်ငံတည်ဆောက်ရေး မျှော်မှန်းချက်ကို ခိုင်မာစွာ ရပ်တည်ကိုင်စွဲထားရှိကြောင်း အသိပေးပြီး ဒေသတွင်း တည်ငြိမ်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဂုဏ်သိက္ခာထိန်းသိမ်းမြှင့်တင်ရေး ဆိုတဲ့ မိမိတို့ရဲ့ ဘုံ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အာဆီယံဥက္ကဋ္ဌ၊ သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika)၊ အာဆီယံအထူးကိုယ်စားလှယ်တို့နဲ့ အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း အသိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းမှု (၅)နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုက အရှိန်လျော့မသွားဘဲ ပိုလို့တောင် စနစ်တကျ ရှိလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပြီး နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်တွေရဲ့ တန်ဖိုးကို အလေးထားပေးဖို့တောင်းဆိုခဲ့ပါတယ်။

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ကြေညာခဲ့ပါတယ်။