ဇန်နဝါရီ-၂၇၊၂၀၂၆။သတိုး/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့ကပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ “ ငါတို့ မဲမပေးခဲ့” လှုပ်ရှားမှု နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဘူးသပိတ် လှုပ်ရှားမှုတွေ ဒီနေ့ (ဇန်နဝါရီ ၂၇) ပြုလုပ်ခဲ့ပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီနဲ့ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းတို့က “ ငါတို့မဲမပေးခဲ့” စာသားကိုကိုင်ဆောင်ပြီး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာ “ ငါတို့မဲမပေးခဲ့” လို့ရေးသားထားတဲ့ စာရွက်တွေနဲ့အတူ လက်သန်းမှာ မှင်မစွန်းကြောင်းလက်သန်းထောင် ပြထားတဲ့ ပုံတွေနဲ့ပါဝင်ခဲ့ကြတာပါ။

Public Service Announcement
အောင်လံလွှင့်မည်ရွှေရေကြည် သပိတ်စစ်ကြောင်းကတော့ အနီရောင်အနှုတ်လက္ခဏာ အမှတ်အသားစာရွက်တွေကို ကိုင်ဆောင်ပြီး “ ငါတို့မဲမပေးခဲ့” စာသားကို သံပြိုင်ရွတ်ဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အဲဒီသပိတ်စစ်ကြောင်းက စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေ မသုံးစွဲဖို့ တိုက်တွန်းတဲ့ အနေနဲ့ မသုံးရမည့်ပစ္စည်းတွေပုံပါတဲ့ စာရွက်တွေ ဝေတဲ့ လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
လူ့ငယ့်အားမာန်သပိတ်ကော်မတီကလည်း ယင်းမာပင်မြို့နယ်ကကျေးရွာတွေမှာ စစ်တပ်ထုပ်ကုန်မသုံးစွဲရေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကလည်း”ငါတို့မဲမပေးခဲ့” Hand Banner တွေကိုကိုင်ဆောင်ပြီး ဝက်လက်လက်မြို့နယ်မှာ Photo Campaign ပြုလုပ်ခဲ့ပါတယ်။
“ တိတ်ဆိတ်ခြင်းက တစ်ခါတလေမှာ အကျယ်လောင်ဆုံး အော်ဟစ်သံပဲ။ ငါတို့ရဲ့ ဆန္ဒမဲဆိုတာ ခေါင်းစဉ်တပ်ရုံသက်သက် မဟုတ်ဘူး။ ငါတို့ရဲ့ အနာဂတ်၊ ငါတို့ရဲ့ ယုံကြည်ချက်။ အဲဒီယုံကြည်ချက်ကို ရောင်းစားမယ့်ပွဲမှာ ငါတို့ ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်။” လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ရေးသားထုတ်ပြန်ထားပါတယ်။
လက်ပံတောင်းတောင်ဒေသအာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုကလည်း ငါတို့မဲမပေးခဲ့ လှုပ်ရှားမှုအနေနဲ့ အဲဒီ့စာသားရေးသားထားတဲ့ စာရွက်တွေကို မဲမပေးခဲ့ကြောင်း မှင်မစွန်းတဲ့ လက်သန်းတွေကို ပြသခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်ကအောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းကတော့ ဒီနေ့မှာ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ခဲ့တယ်လို့ အသိပေးထားပါတယ်။






















































