ဇန်နဝါရီ-၂၇၊၂၀၂၆။မိထက်/People’s Spring
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံတစ်ခုမှာ မနေ့က ကွယ်လွန်ခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ်ဒေါက်တာမြင့်ထွေးဟာ နှလုံးရောဂါအပါအဝင် ကျန်းမာရေးအတွက်ဆေးကုသမှုခံယူစဉ် ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံမှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီ ၄၃ မိနစ်က ကွယ်လွန်ခဲ့တာလို့ NLD အစိုးရလက်ထက် ဝန်ကြီးတစ်ဦးကပြောပါတယ်။
ဒေါက်တာမြင့်ထွေးကွယ်လွန်ကြောင်းကိုညီဖြစ်သူ ဦးမင်းဟန်ထွေးကလည်း လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးထားပါတယ်။

Public Service Announcement
ရန်ကုန်ဆေးတက္ကသိုလ် (၁)ကနေ ဆေးပညာဘွဲ့ ရရှိခဲ့ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အရှေ့တောင်အာရှရုံးမှာ ဒေသဆိုင်ရာအကြံပေးအဖြစ် ၁၆ နှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဦးမြင့်ထွေးဟာ NLD အစိုးရလက်ထက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာပါ။
ဒေါက်တာမြင့်ထွေးဟာ ၂၀၂၀ခုနှစ် မြန်မာနိုင်ငံကို ကမ္ဘာ့ကပ်ရောဂါကိုဗစ် ကူးစက်ပျံ့နှံ့လာချိန်မှာ ကာကွယ်ကုသရေးဦးဆောင်ခဲ့သူတွေထဲက တစ်ဦးလဲ ဖြစ်ပါတယ်။ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးစွမ်းဆောင်မှုကို ပြည်သူတွေကရော နိုင်ငံတကာကပါ အသိအမှတ်ပြုခဲ့ကြပါတယ်။
၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့နောက် ဒေါက်တာမြင့်ထွေးလည်း ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ပြန်လွတ်လာပြီးနောက် ရာထူးကနေနှုတ်ထွက်ကြောင်း ဒေါက်တာမြင့်ထွေးကကြေညာခဲ့ပါတယ်။

















































