close
Connect with us

Hi, what are you looking for?

သတင်း

BGF အသွင်ပြောင်း KNA ထိန်းချုပ်တဲ့ရွာတွေမှာစစ်ကောင်စီ တပ်ဖြန့်

ကရင့်နယ်ခြားစောင့်တပ် (BGF ) ကနေ ကရင်အမျိုးသားတပ် ( KNA) အဖြစ် ပြောင်းလဲပြီးနောက် KNA အင်အားကောင်းတဲ့ ကရင် ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နဲ့ ဘားအံမြို့နယ် ထဲက ကျေးရွာတွေကို ဒီနေ့ (ဇန်နဝါရီ လ ၆ ရက်) မှာ စစ်ကောင်စီတပ်က အင်အား အများအပြားနဲ့ တပ်စွဲလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ် ထဲက KNA ထိန်းချုပ်ကျေးရွာတွေကိုတွေ့ရပုံ ဓာတ်ပုံ - Google Earth

ဇန်နဝါရီ – ၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင့်နယ်ခြားစောင့်တပ် (BGF ) ကနေ ကရင်အမျိုးသားတပ် ( KNA) အဖြစ် ပြောင်းလဲပြီးနောက် KNA အင်အားကောင်းတဲ့ ကရင် ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နဲ့ ဘားအံမြို့နယ် ထဲက ကျေးရွာတွေကို ဒီနေ့ (ဇန်နဝါရီ လ ၆ ရက်) မှာ စစ်ကောင်စီတပ်က အင်အား အများအပြားနဲ့ တပ်စွဲလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KNA ထိန်းချုပ်ထားတဲ့လှိုင်းဘွဲ့ – ပိုင်ကျုံကားလမ်းတလျှောက်က ကျေး ရွာတွေဖြစ်တဲ့ ကစို ၊ ငှက်ပျောတော ၊ ကမာလင်း ၊ နောင်ခလုံး ကျေးရွာမှာ ဒီနေ့ က စပြီး လှိုင်းဘွဲ့မြို့ အခြေစိုက် စစ်ကောင်စီတပ်က ရောက်ရှိလာတာပါ။

လှိုင်းဘွဲ့မြို့အနီး ဝင်းစိန်ရွာ ရှိ ကျိုက်မုရွေ့ ဘုရားကုန်းပေါ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော် တပ်စွဲလိုက်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဘားအံမြို့နယ် ပေါ့ထော်၊ နောင်ကမြိုင် ရွာတွေဘက်မှာလည်း အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာနေပြီး ကျေးရွာဘုန်းကြီးကျောင်းတွေထဲ တပ်စွဲနေရာယူထားတယ် လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

အခုလို စစ်ကောင်စီတပ်စစ်ကြောင်းတွေ ရောက်ရှိလာတဲ့အတွက် ဒေသခံတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ လိုအပ်ပြီး တိုက်ပွဲဟာ သိပ်မဝေးတော့တဲ့အချိန်မှာ ဖြစ်ပွားနိုင်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက တွက်ဆထားကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) လက် အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအများအပြားဟာ စစ်ကားတွေနဲ့ ဘားအံမြို့ကိုရောက်ရှိလာနေပြီး ဘားအံကနေတ ဆင့် လှိုင်းဘွဲမြို့ပေါ်ကို ရောက်ရှိခဲ့တာပါ။

အဲဒီနောက် လှိုင်းဘွဲ့မြို့နယ်ထဲက ရွာတွေ အင်အားဖြန့်ခွဲလိုက်တာပါ။

အခုလိုအင်အားဖြန့်တာက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကိစ္စထက် ကရင်နယ်ခြားစောင့်တပ်(BGF)ကနေဖွဲ့စည်းလိုက်တဲ့ကရင်အမျိုးသားတပ် (KNA)အရေးကိစ္စကြောင့်သာဖြစ်နိုင်တယ်လို့ အခြားကရင်စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက လည်း သုံးသပ်ပါတယ်။

လာမယ့်ရက်ပိုင်း ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမယ့်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပိုင်း (၂)​မှာ ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့လှိုင်းဘွဲ့မြို့နယ်တို့ပါဝင်နေတာပါ။

“ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူးထင်တယ်၊ KNA ကိစ္စကြောင့်ထင်တာပဲ” လို့ အဲဒီ ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေရာယူထားတဲ့ လှိုင်းဘွဲ့မြို့နယ်ထဲက ကျေးရွာတွေအများစုဟာ ကရင်အမျိုးသားတပ်(KNA) အဓိက ထိန်းချုပ်ထားတဲ့ကျေးရွာတွေဖြစ်ကြပြီး လှိုင်းဘွဲမြို့နယ်ဟာ KNU ရဲ့ အုပ်ချုပ်ရေးသတ်မှတ်ချက်အရ တပ်မဟာ(၇) ဖားအံခရိုင်အုပ်ချုပ်မှုအောက်မှာ တည်ရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

လှိုင်းဘွဲမြို့နယ်ဟာ အာဏာသိမ်း စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း (၂) မှာပါဝင်နေပေမယ့် လှိုင်းဘွဲမြို့ပေါ်နဲ့ ကျေးရွာတွေတချို့ကလွဲပြီး ဒေသအများစုမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ