မေ ၅၊၂၀၂၅။ထားမြတ်၊ နိုင်ပကောင်း /People’s Spring
ရန်ကုန် – မော်လမြိုင် ကားလမ်းပိုင်းရှိ မိုးကောင်းတံတား မိုင်းဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီက အရပ်သား ပြည်သူနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။
သထုံမြို့နယ် မိုးကောင်းကျေးရွာရှိ မိုးကောင်းတံတားသည် မေလ ၃ရက် ညသန်းခေါင်တွင် မိုင်းခွဲခံရ၍ ပျက်စီးခဲ့သည်။
မိုးကောင်းတံတား မိုးခွဲခံရပြီးနောက် နောက်ရက် မေလ ၄ ရက် နေ့လယ်ပိုင်းနှင့် ညပိုင်း တို့တွင် KNU တပ်မဟာ (၁) စစ်ရေးလှုပ်ရှားရာ သထုံခရိုင်ထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သည်။

Public Service Announcement
ထိုသို့ မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီက မေလ ၄ရက်တွင် ဘီးလင်းမြို့နယ် ရွှေရှောင်ပြကျေးရွာအုပ်စုကို စစ်ကောင်စီ၏ အမတ (၃၁၀)အမြောက်တပ်မှ လက်နက်ကြီး ၂လုံး ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံး ကြဲချခဲ့ရာ မီးချောင်းအိုင်ရွာအနီး ရာဘာခြံနှင့် တောရကျောင်း ဥရုဝေလကျောင်းစေတီဘေး ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
ဗုံးသီးကျရောက်မှုကြောင် ဘုန်းကြီးကျောင်းပျက်စီးခဲ့ဟု KNU တပ်မဟာ(၁) သတင်းရင်းမြစ်က ပြောသည်။
မေလ ၄ရက်ကလည်း ညပိုင်းတွင် ခမရ(၂၀၆)တပ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သထုံမြို့နယ် ကော့လှိုင်းကျေးရွာအုပ်စု ကျုံမှိန်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ဟု ဆိုသည်။
ထို့အပြင် ညသန်းခေါင်တွင် ဘားအံမြို့နယ်၊ ဟတ္တလက် ကျေးရွာအုပ်စု ဖလံတောင်ရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံးကြဲချခဲ့ရာ ဆေးရုံအဆောက်အဦးထိမှန်ခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းပိုင်းပေါ်ရှိ ကျုံအိတ်တံတား၊ မစောတံတားနှင့် မိုးကောင်းတံတားများသည် ပြီးခဲ့သည့်နှစ်များက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးပြီး မိုးကောင်းတံတားဗုံးခွဲတိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်သည်ဟု သိရသည်။
မွန်ပြည်နယ်၊ သု၀ဏ္ဏ၀တီ(ကျိုက်ကော်)မြို့အနီး မော်လမြိုင်-ရန်ကုန် ကားလမ်းမကြီးပေါ်က မိုးကောင်းတံတားမှာ မေလ ၃ ရက်နေ့ ညပိုင်းအချိန်တွင် ဗုံးခွဲတိုက်ခိုက်ဖျက်ဆီးခံရသောကြောင့် တံတားတစ်စင်းလုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များ အပါအဝင် ယာဉ်ကြီးယာဉ်ငယ်အများအပြား လမ်းပိတ်ဆို့ခဲ့သည်။
စစ်ကောင်စီက မိုးကောင်းတံတားကို ပြင်ဆင်လိုက်ပြီးနောက် ယမန်နေ့(မေလ ၄)ရက်နေ့ ညနေပိုင်းတွင် မော်တော်ယာဉ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုသည်။
အဆိုပါ တံတားဗုံးခွဲခံရသည့် နေရာအနီးတစ်၀ိုက်၌ စစ်ကောင်စီတပ်များက အင်အားအများအပြားဖြင့် လာရောက်နေရာယူ တပ်စွဲနေထိုင်နေကြောင်း ခရီးသွားများက ပြောသည်။
စစ်ကောင်စီသည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့ကိုလည်း မေလ ၃ရက် ညပိုင်းက လေကြောင်းမှ ဗုံးအကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးဌာန တာဝန်ခံက ပြောသည်။
မေလ ၃ရက် ည ၈နာရီ ၂၀မှ ည ၁၁နာရီခန့်အတွင်း စဉ့်ကူးမြို့နယ်ရှိ လက်ပန်လှရွာနှင့် ထုံးကြီးကျေးရွာသို့ လေကြောင်း တိုက်ခိုက်မှု ၆ကြိမ် ခန့် ပြုလုပ်ခဲ့ရာ ထုံးကြီးရွာ တိုက်ခိုက်ခံရမှုတွင် အမျိုးသား တစ်ဦးသေဆုံးကာ ပြည်သူ သုံးဦးဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖက အသိပေးသည်။ ထို့ပြင် နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ရဟု ပြောသည်။
စစ်ကောင်စီသည် ပြင်ဦးလွင်ခရိုင်ရှိ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ မတ္တရာ မြို့နယ်များကို ဧပြီနှင့် ယခု မေလဆန်းတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ သေဆုံးထိခိုက်မှုများစွာ ရှိခဲ့သည်။
