ဧပြီ ၃၀၊၂၀၂၅။သတိုး/People’s Spring
ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများအပါအဝင် ပြည်သူများကို အကြမ်းဖက်မှုများလုပ်ဆောင်နေသည့် စစ် ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမရှော့တိုက်ဒုန်းရှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF) တာဝန်ရှိသူက ပြောသည်။
“ပစ်ပြီးပြီးချင်း စစ်တောင်းမြစ်ဘေးက စကစခန်းတွေက လက်နက်ငယ်တွေနဲ့ပြန်ပစ်ပါတယ်။ နောက် ၁နာရီကျော်လောက်ကြာတော့ လက်နက်ကြီးနဲ့ ၂ ချက်လှမ်းပစ်ပါတယ်။ ဒါပေမယ့်ရဲ့ဘော်တွေအားလုံးအခုဆိုရင် ဌာနေစခန်းအသီးသီးကိုဘေးကင်းလုံခြုံစွာပြန်လည် ရောက်ရှိခဲ့ပါပြီ။”ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဧပြီ ၃၀ရက် နံနက် ၁နာရီခွဲခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိတော်လှန်ရေး အင်အားစုများနှင့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသော စစ်ရှုံးကောင်စီ၏ တပ်ဖွဲ့ဝင်များကို အဓိကအမိန့်ပေးကွပ်ကဲနေရန် ခြေကုပ်ယူထားသည့် အရေးပါသော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။ ထို့အပြင် ငလျင်ဒဏ်ကြောင့် ဌာနဆိုင်ရာအဆောက်အုံများပြိုလဲပျက်စီးသွားသော နေပြည်တော် စစ်ကောင်စီ စစ်ရုံးချုပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရုံးတို့မှ စစ်ကောင်စီအကြီးအကဲများ သွားရောက်ရုံးထိုင်၍ တစ်တိုင်းပြည်လုံးကို ဒုက္ခပေးရန်အမိန့်ပေးကွပ်ကဲနေသော စစ်ဌာနချုပ်လည်းဖြစ်ကြောင်း သတင်းရရှိသောကြောင့် Mission 35 အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Brave Warriors for Myanmar က ထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
Brave Warriors for Myanmar အနေဖြင့် မဟာမိတ်များဖြင့် ပူးပေါင်း၍ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယခုအကြိမ်အပါအဝင် လေးကြိမ်အထိတိုက်ခိုက်ထားသည်။
BWM သည် ဧပြီ ၂၅ ရက်ကလည်း မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်း၍ စစ်ကောင်စီ၏ အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း များဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၃ ဦးအပါအဝင် ၁၅ ဦးခန့် ထိခိုက်မှုရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
