ဧပြီ ၂၃၊၂၀၂၅။ရဲခေါင်/People’s Spring
လေယာဥ်ခရီးသည်များအား အခွန်တိုးမြှင့်ကောက်ခံမည်ဟု စစ်ကောင်စီ၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စစ်အုပ်စုနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားခြင်းဖြစ်သည်။
ကြေညာချက်အရ လာမည့်မေလ ၁၂ရက်ကစ၍ နိုင်ငံတကာထွက်ခွာမှုအတွက် ၂၅ဒေါ်လာနှင့် ပြည်တွင်းထွက်ခွာမှုအတွက် ကျပ် ၁၅,၀၀၀ ကောက်ခံမည်ဟု ဆိုသည်။

Public Service Announcement
ခရီးသည်များအနေဖြင့် နောက်ထပ်အချက်အလက်များအတွက် သက်ဆိုင်ရာလေကြောင်းလိုင်း သို့ မဟုတ် ခရီးသွားအေဂျင်စီများသို့ ဆက်သွယ်၍ Terminal ရှိ သက်ဆိုင်ရာငွေပေးချေမှုကောင်တာများတွင်ပေးချေရန် ဖော်ပြသည်။
“မဖြစ်သင့်တဲ့ ကိစ္စပါ ။လက်မှတ်ဖြတ်ကတည်းက လက်မှတ်ဖိုးထဲမှာ Airport Tax က ပါပြီးသားမို့ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပါလို့ ပြောပါရစေ။ ပြည်သူတွေညီရင် မတရားမှူတွေ ခြစားမှုတွေကို ဥပဒေနဲ့ အညီတိုက်ဖျတ်နိုင်ရပါမယ်”ဟု ရန်ကုန်လေဆိပ်အသုံးပြုသူတစ်ဦးက လေဆိပ်ခွန်တိုးမြှင့်မှုအပေါ် ဝေဖန်သည်။
“Travel Agent ကိုမေးတာ ဘာမှမသိပါဘူးတဲ့။ ဘယ်မှာပေးရမှာလဲ မသိ။ အရင်က ဘယ်လောက်ကောက်လို့ အခုနှုန်းနဲ့ ဘယ်လောက် ထပ်ပေးရမှာလဲ မသိဘူး “ဟု ပြည်ပထွက်ခွာရန်စီစဥ်ထားသူ တစ်ဦးကလည်း ပြောသည်။
ယခု လေဆိပ်ခွန်သည် ပြည်တွင်းခရီးစဥ်အတွင်း ကျပ်သုံးထောင်နှင့်ပြည်ပခရီးစဥ်အတွက် ၁၀ ဒေါ်လာကောက်ခံမှုရှိကြောင်း ခရီးသွားအေဂျင်စီ အချို့က အသိပေးသည်။
အေးရှားဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင်လော်စစ်ဟန်၏သား စတီပင်လော(ခ)ထွန်းမြင့်နိုင် ဦးစီးကာ လမ်း၊ဆိပ်ကမ်း၊လေဆိပ် လုပ်ငန်းများနှင့် စစ်ကောင်စီအတွက် လေယာဥ်ဆီတင်သွင်းပေးခြင်း၊အရန်ဆန်ရိက္ခာများသိုလှောင်ပေးခြင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်ကာ စစ်တပ်နှင့်ဆွေးနွေးရန် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA)ကို စာပို့ခဲ့ဖူးသည်။
