ဧပြီ ၂၃၊၂၀၂၅။ဟန်နွေ/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သိမ်းတိုက်ပွဲ နှင့် စွယ်တော်ကုန်းအမြောက်တပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးသွားသည့် အမှတ်(၁၁၈)ခြေမြန်တပ်ရင်း(ခမရ−၁၁၈)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသက်နိုင်ဌေးသည် ဧပြီ ၁၇ရက်တွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ သေဆုံးပြီးနောက်မီးသင်္ဂြိုလ်ရာ အမျိုးသားဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)မှ ဘုန်းကြီးများ လိုက်ပါပို့ဆောင်ပေးခဲ့သည်ဟု လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။
“ဧပြီ ၁၉ရက်မှာ အသုဘချတယ်။မဘသ ဘုန်းကြီးတွေကိုယ်တိုင် အခေါင်းသယ်ကြတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ တပ်ရင်းမှူး သက်ဌေးနိုင်၏ နာရေးဖိတ်စာတွင် ရောဂါဖြင့်သေဆုံးခြင်းဖြစ်ဟု ဖော်ပြထားပြီး သတင်းရင်းမြစ်အချို့ကမူ တိုက်ပွဲဒဏ်ရာကြောင့်ဟု ကြားသိရကြောင်း ပြောသည်။

Public Service Announcement
အဆိုပါတပ်ရင်းမှူး သေဆုံးသည့် သတင်းကို ဧပြီ ၁၈ရက်ကတည်းက သတင်းရရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ တပ်ရင်းမှူးသည် လေးကေ့ကော်မြို့သိမ်းတိုက်ပွဲအတွင်းမှ အနီးရှိ မြဝတီမြို့တောင်ဘက်က စွယ်တော်ကုန်းအမြောက်တပ်စခန်းသို့ ထွက်ပြေးသွားသူဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့ပြင် စွယ်တော်ကုန်းအမြောက်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းတပ်များက၂၀၂၄အောက်တိုဘာ ၁၇ရက်က သိမ်းပိုက်စဉ် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်း ထပ်မံထွက်ပြေးခဲ့ရသူဖြစ်သည်ဟု ဆိုသည်။
ခလရ(၂၇၅)တပ်ရင်း၌ ရှိနေစဉ် ကျန်းမာရေးမကောင်း၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လူထုနွေဦး၏ အခြားစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယင်းတပ်ရင်းမှူး သေဆုံးသည့် သတင်းကို ဧပြီ ၁၈ရက်ကဖော်ပြစဉ် ခမရ(၁၁၈)တပ်ရင်းမှူး၏ အမည်ကို လူထုနွေဦးက စုံစမ်းနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ယင်းဖော်ပြချက်အပေါ် စာဖတ်ပရိတ်သတ်တစ်ဦးက သေဆုံးသူသည် ဒုဗိုလ်မှူးကြီး သက်နိုင်ဌေးဖြစ်ကြောင်း၊ DSA အပတ်စဉ်(၄၅)ဆင်းသူဖြစ်ပြီး မင်္ဂလာဒုံစစ်သင်္ချိုင်း၌ ဧပြီ ၁၈ရက်တွင် သင်္ဂြိုလ်ခြင်းဖြစ်ကြောင်း ပြောသည်။
ဧပြီ ၂၂ရက်တွင် အခြားသတင်းရင်းမြစ်တစ်ဦးက နာရေးဖိတ်စာပေးပို့ပြီး အသက် (၄၂)နှစ်အရွယ်ရှိ ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး (ခ)ဟိုင်းလတ်ဌေး သေဆုံးမှု သတင်းပြောပြရာ သေဆုံးသူသည် DSA အပတ်စဉ်(၄၅)မှ ဖြစ်ပြီး မြ၀တီတိုက်ပွဲ၌ ရှုံးနိမ့်ပြီး စစ်မြေပြင်မှ ထွက်ပြေးလာသည့် တပ်ရင်းမှူး ဖြစ်သည်ကို တွေ့ရသည်။
သေဆုံးသူ တပ်ရင်းမှူးသည် Hilux Htay အမည်ဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
