close
Connect with us

Hi, what are you looking for?

သတင်း

ငဖဲနှင့် ပဒါန်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော် သေဆုံး

မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။

မကွေးတိုင်း၊ ငဖဲ နှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် PRA- Magwayမှ ရဲဘော်များ။ ဓာတ်ပုံ − PRA- Magway

▪️ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအများအပြားရဟု PRA မကွေးတပ် ပြော

▪️အမ်း-ပဒါန်းစစ်ဆင်ရေးတွင်လည်း ပါဝင်တိုက်ခိုက်နေဟု အသိပေး

ဧပြီ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဥ်များအရ ဖေဖော်ဝါရီ ၂၅ရက်တွင် ငဖဲမြို့ နတ်ရေကန်အနီးရှိ စင်ကိုနာခြံသို့ ကင်းပုန်းလာဝပ်သည့် အင်အား ၂၀ ပါ စစ်ကောင်စီတပ်အား ခြုံခိုတိုက်ခိုက်ရာ ​လေးဦး ဒဏ်ရာရပြီး ဆုတ်ခွာသွားသည်ဟု ဆိုသည်။

ထို့နောက် ဖေဖော်ဝါရီ ၂၈ ရက် နံ နက် ၉ နာရီ ၂ဝမိနစ်ခန့်တွင် ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာကုန်းမှလာသော စစ်ကောင်စီအင်အား ၆ဝပါ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးသည်။

မတ်လ ၁၈ရက် နံနက် ၈ နာရီဝန်းကျင်က ငဖဲမြို့နယ်၊ ပဇီကျေးရွာမှ လိုင်ကျေးရွာသို့ တက်လာသော အင်အား ၄၀ပါ စစ်ကောင်စီစစ်ကြောင်းကို လိုင်ကျေးရွာလမ်းခွဲအနီး၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့ပသည်။

အထက်ပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများ ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

မတ်လ ၃၀ ရက် နံနက် ၅ နာရီ ခွဲဝန်းကျင်ကလည်း လူထုတော်လှန်ရေးမဟာ မိတ်အင်အားစု (PRA- Magway) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ပူးပေါင်းကာ ပုသိမ်-မုံရွာ ကားလမ်းရှိ ပဒါန်းမြို့ဝင်ဂိတ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ပဒါန်းမြို့ဝင်ဂိတ်သည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် စရဖတို့ ပူးပါင်းထားခြင်းဖြစ်ပြီး အင်အား ၂ဝကျော် အထိုင်ချထားခြင်းဖြစ်ကာ အရပ်သားပြည်သူနှင့် ဈေးရောင်းဈေးဝယ်များကို အတင်းအဓမ္မ ငွေကြေး တောင်းရမ်းခြင်း၊ ဖိနှိပ်ရမ်းကားမှုများ ပြုလုပ်လေ့ရှိသည့်ဂိတ်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ယခုနှစ် ဇန်နဝါရီမှ ယခုဧပြီအတွင်း တိုက်ပွဲကြီး၊ငယ်ပေါင်း ၂၃ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အား စု(PRA-Magway) ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် စုစုပေါင်း (၆၃) ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက်တို့အပါအဝင် စုစုပေါင်း ၁၈ဦးကိုအရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်ပါတွင်ပါရှိသည်။

“၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စပြီး တိုက်ခဲ့တဲ့တိုက်ပွဲတွေပေါ့ ။အဲဒီထဲမှာ ကျွန်တော်တို့တစ်ဖွဲ့တည်းစစ်ဆင်ရေးဖော်ဆောင်ခဲ့တာရှိသလို မဟာမိတ်တွေနဲ့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာရှိတယ်”ဟု PRA မကွေး၏ စစ်ဆင်ရေးတာဝန်ခံ ကိုနောင်သူရိန်က သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ လူထုနွေဦးသို့ ရှင်းပြသည်။

ယခုအခါတွင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမ်း-ပဒါန်းစစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်နေပြီး စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားနိုင်ရန်လည်း တပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း (PRA- Magway)က အသိပေးသည်။

အမ်း-ပဒါန်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး စစ်ရေးဖော်ဆောင်နေဆဲဖြစ်သည့်အတွက် ပြောဆို၍ မရသေးကြောင်းလည်း ကိုနောင်သူရိန်က ပြောသည်။

တိုက်ပွဲသတင်းများအား ငလျင်ကပ်ဘေးကြောင့် ယခုမှသာ ထုတ်ပြန်ရခြင်းဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။