ဧပြီ-၂၁၊၂၀၂၅။ People’s Spring
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာသက်တော် ၈၈ နှစ် အရွယ်မှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။
ဗာတီကန် နန်းတော်က ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်ကြီးဟာ ဧပြီ ၂၁ ရက်နေ့က ပျန်လွန်တော်မူခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပြင်းထန်တဲ့ အဆုတ် နမိုးနီးယားဝေဒနာကြောင့်ရောမမြို့ရဲ့ဂီမယ်လီဆေးရုံမှာ ၃၈ ရက်ကြာ တက်ရောက်ခဲ့ရပြီးတဲ့နောက် ပြန်လည် သက်သာလာပြီး မတ်လ ၂၃ ရက်နေ့ကမှ ဆေးရုံဆင်းလာခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ အီစတာနေ့ အထိမ်းအမှတ်အဖြစ်ဧပြီ ၂၀ ရက်နေ့ကစိန့်ပီတာဝတ်ကျောင်းတော်လေသာခန်းဆောင်ကနေပြီး သူ့ကို လာရောက် ဝတ်ပြုသူတွေကို ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံခဲ့ပါသေးတယ်။ နောက်တစ်နေ့မှာတော့ ပုပ်ကွယ်လွန်ကြောင်း သတင်းကို ဗာတီကန်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ကာဒီနယ်လ်ကီဗင်ဖာနဲလ်က မြင့်မြတ်လှတဲ့ ဖခင်ကြီး ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ပျံလွန်သွားကြောင်းကို ညီအစ်ကို မောင်နှမ အားလုံးဆီ လေးလံတဲ့ စိတ်နှလုံးနဲ့ အသိပေးလိုကြောင်း ဗာတီကန် နန်းတော်ရဲ့ Telegram channelကနေတဆင့် ကြေညာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဘဝတလျှောက်လုံးကိုဘုရားသခင်နဲ့ ခရစ်ယာန်ကျောင်းတော်အတွက် နှစ်မြှုပ်ခဲ့သူ ဖြစ်တယ်လို့လည်း ကာဒီနယ်လ် ဖာရဲလ်က ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့အထွဋ်အခေါင် ပုဂ္ဂိုလ်နေရာကို ဆက်ခံခွင့် ရခဲ့တဲ့ အာဂျင်တီးနားသားရဟန်းတော်ကြီးဟာ သမိုင်းတလျှောက်မှာ လက်တင်အမေရိက ဒေသတွင်း နိုင်ငံတစ်ခုရဲ့ ပထမဆုံး ပုပ်ရဟန်းမင်း အဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ တုန်းက မြန်မာနိုင်ငံ ခရီးစဉ်ကို လာရောက်ခဲ့ဖူးပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ စိန့်ပီတာဝတ်ကျောင်းတော်နားမှာရှိတဲ့ ပုပ်ရဟန်းမင်းကြီး အိမ်တော်မှာပဲကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းတွေအရ ပုပ်ရဟန်းမင်းတစ်ပါး ကွယ်လွန်ပြီးတဲ့နောက် ၉ ရက်ကြာ ဝမ်းနည်းကြေကွဲမှု ကာလကို သတ်မှတ်သွားမှာပါ။ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကိုတော့ အစဉ်အလာတွေအရ ၄ ရက်ကနေ ၆ ရက်အတွင်း ကျင်းပဖွယ်ရှိပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ကြိုတင် ဆန္ဒပြုထားခဲ့မှုအရ ရုပ်ကလပ်ကို ရောမမြို့ရဲ့ ဆန်တာမာရီယာ ဝတ်ကျောင်းတော်မှာ မြှုပ်နှံဖွယ် ရှိပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ ကျော် ကာလအတွင်း ပုပ်ရဟန်းမင်း တစ်ပါးကို ဗာတီကန် နန်းတော်ပြင်ပမှာ ပထမဆုံးအကြိမ် မြေချ မြှုပ်နှံမှုလည်း ဖြစ်လာမယ်လို့ သိရှိရပါတယ်။
ကိုးကား- BBC
