close
Connect with us

Hi, what are you looking for?

သတင်း

ချင်းညီ​နောင်ဖလမ်းမြို့သိမ်းပြီး တစ်မြို့နယ်လုံး စစ်​ကောင်စီကင်းစင်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ယနေ့(ဧပြီ ၉ရက်) သတင်းထုတ်ပြန်သည်။

လမ်းမြို့၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၆၈) တပ်ရင်းသိမ်းပိုက်အပြီး ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Chin National Organization

People’s Spring

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်ပြီဟု ချင်းညီနောင်ကြေညာ

◾️လေကြောင်းတိုက်ခိုက်မှု အကြိမ်တစ်ထောင်ကျော်ခုခံခဲ့သော်လည်း စစ်ဆင်ရေး ၅လပြည့်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ဟု အသိပေး

ဧပြီ၉၊ ၂၀၂၅။ဟန်နွေ/People’s Spring

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ယနေ့(ဧပြီ ၉ရက်) သတင်းထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေး(Operation CB)အဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂ဝ၂၄ နိုဝင်ဘာ ၉ရက်တွင်စတင်ခဲ့ရာ စစ်ဆင်ရေး ၅လပြည့်မြောက်သည့် ဧပြီ ၉ရက်တွင် ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီဖက်ကလည်း ဖလမ်းမြို့မကျစေရေးအတွက် ခလရ (၂၆၈)တပ်ရင်း အင်အားအပြင် ၂ဝ၂၄ ဒီဇင်ဘာတွင် ခလရ (၈၉)တပ်ရင်းမှ စစ်ကူအင်အား (၁ဝဝ) ဝန်းကျင်နှင့် ၂ဝ၂၅ မတ်လတွင် တပ်မ (၇၇) လက်အောက်ခံ ခလရ (၃၉၁)တပ်ရင်းမှ စစ်ကူအင်အား (၁ဝဝ)ခန့်ဖြင့် အင်အားအကြိမ်ကြိမ် ထပ်မံဖြည့်တင်းခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁ဝဝဝ)ကျော် အပြင်းအထန် ခုခံခဲ့သော်လည်း ယနေ့တွင် ဖလမ်းမြို နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ချင်းညီနောင်သည် ဧပြီ ၇ရက်ကတည်းက ဖလမ်းမြို့၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၆၈) တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ရှင်းလင်းရေးလုပ်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်တို့က ပြောပြထားသည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း ထိခိုက်ကျဆုံးမှု၊ လက်နက်ခဲယမ်းသိမ်းပိုက်ရရှိမှု နှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု အခြေအနေများကို အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိသော်လည်း ဟောင်ဝစ်ဇာအမြောက်၊ လက်နက်ကြီးများနှင့် လက်နက်ငယ်များစွာ ခဲယမ်းကျည်များစွာ သိမ်းပိုက်ရရှိထားကြောင်း ဓာတ်ပုံမှတ်တမ်းများ ဖော်ပြခဲ့သည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖလမ်းမြို့သိမ်းတိုက်ပွဲကို 96 Soldiers PDF၊Anti-Fascist Internationalist Front (AIF)၊Burma National Revolutionary Army (BNRA)၊Burmese Revolutionary Technical Front (BRTF)၊Generation Z Army (GZA)၊Giant Revolution Force (GRF)၊Harmonious Northern Brothers (HNB)၊ Kalay Revolution Force (KRF)၊Kalay Urban Guerrilla (Kalay UG)၊ Myingyan Black Tiger (MBT)၊National Liberation Army (NLA)၊Revolution Ambulance Wolf (RAW Medical Team)၊ Sagaing Federal Troop (SFT)၊Yaw Defense Force (YDF)၊ Zo Army (ZA)၊ကလေးခရိုင် ပကဖနှင့် Drone အဖွဲတို့ ပါဝင်ခဲ့ဟု အသိပေးသည်။

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ချင်းညီနောင် နှင့် မဟာမိတ်အင်အားစုများ၏ မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံထိုးစစ်ဆင် တိုက်ခိုက်မှု၊ အာရက္ခ တပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးကူညီမှုနှင့် ပြည်သူများ၏ တက်ညီလက်ညီ တစိုက်မတ်မတ် ထောက်ပိုပါဝင်မှုများကြောင့်သာ ဖြစ်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူး၊ တပ်သားများ၏ ရဲစွမ်းသတ္တိနှင့် ဇွဲလုံလ ရှိမှုတိုကို လေးစားစွာ ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ချင်းညီနောင် (CB) အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း လည်း အသိပေးသည်။

“ချင်းညီနောင်စတင်စုဖွဲလာတည်းက တော်လှန်ရေးကို တော်လှန်ရေးတူအောင်လုပ်မယ်၊ စစ်ရေးကို စစ်ရေးအတိုင်းဆောင်ရွက်မယ်ဆိုပြီး နောက်မဆုတ်ပဲသေချာပြင်ဆင်မှု လုပ်ထားပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) တိုင်းရဲ့ အောင်မြင်မှုဟာ ချင်းပြည်သမိုင်းမှာ မရှိဖူးတဲ့ စည်းလုံးမှု၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့အတူ ချင်းညီနောင်ရဲဘော်များနှင့် မဟာမိတ်တပ်ဖွဲများ ရွံရွံချွန်ချွန်တိုက်ပွဲဝင်မှုတို ပေါင်းစပ်ခြင်းရဲ့ ရလဒ်လိုဆိုရပါမယ်”ဟု ချင်းညီနောင်အဖွဲ့ဝင် ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘတ်က ပြောသည်။

ဖလမ်းမြို့စစ်ဆင်ရေး အပြီးသတ်ပြီးပါက ချင်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီ၏ တပ်ရင်းအဆင့် တပ်စခန်းမှာ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းသာ ကျန်တော့သည်ဟုလည်း ၎င်းက ပြောသည်။

ချင်းညီနောင်စစ်ဆင်ရေး ဖလမ်းမြို့သိမ်းတိုက်ပွဲနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်တွင် တပြိုင်တည်းဆင်နွှခဲ့ရာ ၂၀၂၄ ဒီဇင်ဘာ၂၁ရက်တွင် မင်းတပ်မြို့ကိုအပြီးသတ်သိမ်းနိုင်ခဲ့ပြီး ဖလမ်းမြို့ကို ယခုနှစ် ဧပြီ ၇ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲခုခံတိုက်ခိုက်ခဲ့သည့်ကြားမှ တော်လှန်ရေးတပ်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဖလမ်းမြို့ခလရ(၂၆၈)တပ်ရင်းကို သိမ်းနိုင်ခြင်းသည် ချင်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်ရင်းအဆင့်တပ်စခန်းကို ပထမဆုံးအကြိမ်သိမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဖလမ်းမြို့သိမ်းပိုက်ရရှိခြင်းကြောင့် ချင်းပြည်နယ်မြောက်ပိုင်း၌ ကျန်နေသည့် တီးတိန်၊ ဟားခါး၊ ထန်တလန်မြို့များ သိမ်းနိုင်ရန် ပိုလွယ်ကူသွားမည်ဟု ချင်းညီနောင်အဖွဲ့ဝင် တပ်မှူးအချို့က အသိပေးထားသည်။

ချင်းညီနောင်သည် အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်များနှင့်ပူးပေါင်းပြီး မြို့သိမ်း စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ရာ ၂၀၂၄အတွင်းက ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို သိမ်းပိုက်ရရှိထားပြီး ယခုနှစ်တွင် ဖလမ်းမြို့ကို သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ