close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်လှုပ်ခတ်အပြီးတွင် ရန်ကုန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်အချို့ ကလေးဆုံးရှုံးမှုဖြစ်စဉ်များရှိလာဟုဆို

အင်အားပြင်းငလျင်လှုပ်ခတ်အပြီးတွင် ရန်ကုန်မြို့ မြောက်ဒဂုံ၊အရှေ့ဒဂုံနှင့် အင်းစိန်မြို့နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်အချို့၏ ကလေးဆုံးရှုံးမှုများ ရှိလာကြောင်း ကိုယ်ဝန်ဆောင်ကလေးဆုံးရှုံးခဲ့ရသူများနှင့် နီးစပ်သူအချို့က လူထုနွေဦးသို့ ပြောသည်။

ငလျင်ကြောင့် ပြိုကျပျက်စီးနေသော မန္တလေးမြို့ရှိ အဆောက်အဦး။ ဓာတ်ပုံ - AFP

ဧပြီ-၄၊ ၂၀၂၅။​ရဲခေါင်/People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်အပြီးတွင် ရန်ကုန်မြို့ မြောက်ဒဂုံ၊အရှေ့ဒဂုံနှင့် အင်းစိန်မြို့နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်အချို့၏ ကလေးဆုံးရှုံးမှုများ ရှိလာကြောင်း ကိုယ်ဝန်ဆောင်ကလေးဆုံးရှုံးခဲ့ရသူများနှင့် နီးစပ်သူအချို့က လူထုနွေဦးသို့ ပြောသည်။

အဆိုပါဖြစ်စဥ်များသည် ငလျင်လှုပ်ခတ်မှုအပြီး တစ်ပတ်အတွင်းဖြစ်ပွားခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။

“ကိုယ်ဝန်ပျက်ကျပြီး သွေးထွက်တာမျိုးလည်း မဟုတ်ဘူး။ကလေးကမလှုပ်တော့သလို ခံစားရလို့ ပြနေကြဆရာဝန်နဲ့ သွားပြတဲ့အခါကြမှ ကလေးကနှလုံးခုန်ရပ်သွားတယ်လို့ ပြောတယ်။အဲဒါနဲ့ ဗိုက်ခွဲပြီး ကလေးတစ်ယောက်မွေးသလို မွေးပြီး အပြင်ထုတ်ရ တာမျိုး။ပြီးမှ သဂြိုလ်လိုက်ရတာ”ဟု အင်းစိန်မြို့နယ် ပေါက်တောဝရပ်ကွက်တွင်နေထိုင်သူက ၎င်းတို့ကြုံ တွေ့ရသည့် ဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ဖြစ်စဥ်မျိုးမှာ မြောက်ဒဂုံမြို့နယ်တွင် နှစ်ဦးနှင့် အရှေ့ဒဂုံမြို့နယ်တွင် ကိုယ်ဝန် ဆောင်တစ်ဦးတို့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း လူထုနွေဦးက စုံစမ်းသိရှိရသည်။

“ငလျင် လှုပ်အပြီး(မတ်လ ၂၈ ရက်)ကနေ သုံးရက်အကြာ မှာ ကလေးကမလှုပ်တော့လို့ ဆေးခန်းသွားမှ အသက်မရှိတော့ဘူးဆိုတာ သိရတာ”ဟု ကလေးဆုံးရှုံးသွားသည့် ငါးလအရွယ် ကိုယ်ဝန်ဆောင်မိခင်နှင့် နီးစပ်သူက ပြောသည်။

ငလျင်ပြင်းအားကြောင့် ကိုယ်ဝန်ဆောင် ကလေးဆုံးရှုံးမှုသည် ဖြစ်နိုင်ခြေမြင့်မားပြီး ကိုယ် ဝန်ဆောင် ကာလအပေါ် မမူတည်ဘဲ မိခင်ကြုံတွေ့ရသည့် အနေအထိုင်နှင့် ပတ်ဝန်းကျင်ဖြင့် အများဆုံး သက်ဆိုင်သည်ဟု မြောက်ဥက္ကလာဆေးရုံမှ ကလေးနှင့်မိခင်အထူးပြု ဆရာဝန်တစ်ဦးက ပြောသည်။

“မြောက်ဥက္ကလာဆေးရုံမှာ အခုလို(ကိုယ်ဝန်ဆောင် မိခင်ကလေးဆုံးရှုံးခြင်း)ဖြစ်စဥ် တစ်ခုရှိတယ်လို့ သိရတယ်။ဒါပေမယ့် လာတဲ့အချိန်မှာ ကလေးက အသက်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ရှိ ငလျင်သင့်ပြည်သူများကို ကုသပေးနေသည့် ဒေါက်တာရဲဝေက” ငလျင်ဒဏ်ကြောင့် ကိုယ်ဝန်ဆောင်ရဲ့ သန္ဓေသား သေဆုံးနိုင်လားဆိုတာက ပြောရခက်တယ်။ ကျွန်တော်အခုရောက်နေတဲ့ မန္တလေးမှာတော့ မကြုံရသေးဘူး။ အဓိကကတော့ ကိုယ်ဝန်ဆောင်မိခင်ပေါ် မူတည်ပါတယ်။ ငလျင်ဒဏ်ကြုံရတဲ့အခါမှာ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဖိစီးမှု ရှိနိုင်တယ်။ ငလျင်ဒဏ်ကြောင့် မိခင်စိတ်ဖိစီးမှု ခံစားရတဲ့အခါ ကိုယ်ထဲမှာ အဒရီနယ်လင် ဆိုတာ ထွက်လာပါတယ်။ ဒါက ကလေးဆီကို သွားတဲ့ သွေးကြောတွေကို ကျုံ့စေတဲ့အတွက် အောက်ဆီဂျင်နဲ့ အာဟာရတွေ ရတာ နည်းသွားပါတယ်။ ဒီလိုဖိစီးမှုများကြုံရတဲ့အခါ အဆိုးဆုံးအနေနဲ့ ပေါင်မပြည့်၊ လမစေ့ပဲ မီးဖွားတာတွေ သားအိမ်အတွင်း ကလေးသေဆုံးတာတွေ ဖြစ်တတ်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ငလျင်လှုပ်ခတ်မှုအပြီးတွင် ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် စိတ်ရော၊ လူပါ အနားယူခြင်းနှင့် ဆေးရုံ၊ ဆေးခန်းသို့ စစ်ဆေးပြသခြင်းတို့ လုပ်ဆောင်သင့်ကြောင်း ဒေါက်တာရဲဝေက အကြံပြုခဲ့သည်။

“ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ငလျင်လှုပ်တာ ရပ်သွားခဲ့ရင် အန္တရာယ်ကင်းသည့်နေရာကို ပြောင်းရွှေ့နေထိုင်ပါ။ တတ်နိုင်သလောက် နားနားနေနေ နေပေးပါ။ ရေသန့်များများသောက်ပါ။ အစားကို နည်းနည်းနဲ့ မကြာမကြာစားပေးပါ။ သတင်းဆိုးတွေ မဖတ်ပါနဲ့ဦး စိတ်ရောလူပါ ကျန်းမာအောင်အနားယူပါ။ သားအိမ်၊ ဆီးစပ်၊ ခါး နာကျင်တာ ရှိ မရှိ ဂရုစိုက်ပါ။ မွေးလမ်းကြောင်းကနေ ရေဆင်း၊ သွေးဆင်းရှိလား သတိထားကြည့်ပေးပါ။ ​ဖြစ်နိုင်ရင် ဆေးခန်းသွားပြပြီး စစ်ဆေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ငလျင်ဘေးကြောင့် ဧပြီ ၃ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ သုံးထောင်ကျော်နှင့် ပျောက်ဆုံးနေသူ ၃၀၀ကျော်ရှိနေသည်ဟု ဆိုသည်။

အင်အားပြင်းငလျင်ဒဏ်ကို တိုက်ရိုက်ထိခိုက်ခံစားရသူ ၈သန်းခွဲကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ ၁ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်​နေ့အထိ့ ​၇ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြေညာသော်လည်း ကရင်နီပြည်နယ်ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှလက်နက်ကြီးဖြင့် ပစ်ခတ်၍ ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဖျက်အားပြင်းငလျင်ဒဏ်ကြောင့်မန္တလေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ရဲ့အဆာက်အအုံများစွာပြိုကျခဲ့ပြီးသေဆုံး ဒဏ်ရာရသူအများအပြားရှိတယ်လို့ နန်းတွင်းမှာရှိ နေသူတဦးက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ မှာ ငလျင်ဒဏ်ကြောင့် ရွှေသာလျောင်းတောင်ပေါ်က ကျောက်သေတ္တာ လို့ လူသိများတဲ့ ကျောက်တုံးကြီး ပြုတ်ကျလာနိုင်တဲ့အတွက် တောင် အောက်ခြေအနီးတဝိုက်မှာနေထိုင်သူတွေကို ပြောင်းရွှေ့ဖို့ သတိပေးနေပါတယ်။

Facebook