ဧပြီ ၃၊၂၀၂၅။စိုင်းနန်/People’s Spring
ငလျင်ဘေးဒဏ် ကယ်ဆယ်ရေးအတွက် ကြိုပမ်းနေကြောင်းနှင့် ဘေးသင့်ဒေသများကို အရေးပေါ်အခြေအနေအဖြစ်ကြေညာထားသည့် စစ်ကောင်စီက ရန်ကုန်-မန္တလေးအမြန်လမ်း Lockdown ချထားမှုအား ယနေ့ (ဧပြီ၃ရက်)အထိပြန်ဖွင့်မပေးသေးပေ။
“ည၁၂နာရီကနေ မနက် ၄နာရီအထိ ပေးမဖြတ်ဘူး။ အခုလို အရေးပေါ်အခြေအနေမှာ ဖြတ်ခွင့်ပြုဖို့ဦးနှောက်တော့ရှိသင့်တယ်။ အခုတော့ Lockdownမငြိအောင် မောင်းနေရပြီ အချိန်တွေကြန့်ကြာတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်နေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိ ငလျင်ဘေးဒဏ်သင့်နေသည့်ဒေသများသွားနိုင်ရေးအတွက် ရန်ကုန်-မန္တလေး အမြန်လမ်းသည် အဓိကကျသော်လည်း စစ်ကောင်စီက အချိန်ပြည့် ပြန်ဖွင့်မပေးသေးပေ။

Public Service Announcement
အမြန်လမ်းပိုင်းနေရာအချို့သည် ငလျင် ကြောင့် ပျက်စီးမှုရှိခဲ့ပြီး သွားလာ၍ရအောင်ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ယာဉ်မောင်းများကပြောသည်။
” ကယ်ဆယ်ရေးပစ္စည်းတွေ အချိန်မီပို့နိုင်ဖို့အတွက် လမ်းကိုပြန်ဖွင့်ပေးပါ။ မဖွင့်ပေးဘူးဆိုရင်လည်း ဒီအခြေနေကိုနိုင်ငံတကာသိအောင် လုပ်ရမယ်”ဟု နေပြည်တော်မှ ငလျင်ဘေးသင့်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်းကို လုံခြုံရေးအကြောင်းပြ၍ ည၁၂နာရီမှ နံနက်၄နာရီအတွင်း ဖြတ်သန်းခွင့်ပိတ်ထားသည်မှာ ၂နှစ်နီးပါးကြာလာပြီဖြစ်သည်။
သဘာဝဘေးကယ်ဆယ်ရေးအတွက် အရေးပေါ်အခြေအနေဖြစ်နေချိန်တွင် လမ်းအသုံးပြုခွင့်ကို အချိန်ပြည့်ပြန်လည်ခွင့်ပြုရန်လိုကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
စစ်ကောင်စီသည် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်မည့်ကမ်းလှမ်းချက်အချို့ကိုလည်း ပိတ်ပင်ထားသည်။
ငလျင်ဒဏ်သင့် ပြည်သူများကူညီမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၏ ကမ်းလှမ်းချက်ကို စစ်ကောင်စီက လက်ခံမထားပေ။ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီရန် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များဖွဲ့စည်းပြီး ငလျင်ဘေးသင့်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ ကယ်ဆယ်ရေး၊စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများ အကောင်အထည်ဖော်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီပေးရန် ၊အထူးဒေသအတွင်းရှိ ဆေးရုံအားလုံးသည် ငလျင်ဒဏ်သင့်ဒေသများမှ ရောက်ရှိလာမည့် လူနာများအတွက် အခမဲ့ ဆေးဝါးကုသမှုအကူအညီများပေးရေးကြိုတင်ပြင်ဆင်ထားရန်၊ ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများရောက်ရှိလာပါက အခမဲ့ အစားအသောက်များ၊နေရာထိုင်ခင်းများကို ထောက်ပံ့ကူညီရန် MNDAA က မတ်လ ၂၉ရက်၌ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက ခွင့်ပြုမထားပေ။။
ထို့အပြင် နိုင်ငံတကာသတင်းမီဒီယာများကိုလည်း လုံခြုံရေးအကြောင်းပြ၍ ဝင်ရောက်ခွင့်မပြုပေ။
ဒဏ်ရာရသူများအား ဆေးကုသရေမနိုင်မနင်းဖြစ်နေသော်လည်း အကြမ်းဖက်ပုဒ်မများဖြင့် စွပ်စွဲပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးခန်းများကိုလည်း ပြန်ဖွင့်ခွင့်မပြုပေ။
စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း တို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ်အခြေအနေအဖြစ် မတ်လ ၂၈ ရက်တွင် ကြေညာခဲ့သည်။
သို့သော် အမြန်လမ်းအချိန်ပြည့်အသုံးပြုခွင့်ကိုတားမြစ်ထားခြင်းအပါအဝင် အထက်ပါကန့်သတ်ချက်များကိုဆက်လက်ပြုလုပ်ထားခြင်းဖြစ်သည်။
ငလျင်ကြောင့် လူ ၈သန်းကျော် ဘေးဒုက္ခကြုံတွေ့နေပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနိုင်မှု ကန့်သတ်ချက်ရှိခြင်း ကြောင့် ငလျှင်ဘေးထိခိုက်သည့် မြို့နယ်များတွင် “ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။စစ်တပ်ထိန်းချုပ်မှုအောက်ရှိအရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုကို မရရှိဘဲ
စစ်တပ်နှင့် ၎င်းတို့၏လုံခြုံရေးအဖွဲ့များက နေရာတော်တော်များများ ကို ခွင့်ပြုချက်မပေးခြင်းကြောင့် စာရင်းဇယားကောက်ယူရေး၊ ကယ်ဆယ်ထောက်ပံ့ရေးနှင့် ညှိနှိုင်းပေါင်းစပ်ရေး လုပ်ငန်းများတွင် အခက်အခဲများ ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ထားသည်။
ငလျင်ဘေး ကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ထားသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း အင်းတော်နှင့် ဟုမ္မလင်း၊ ကချင်ပြည်နယ် ဝိုင်းမော်နှင့်ဖားကန့်မြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။
ယနေ့ ဧပြီလ ၃ရက်နေ့ နံနက် ၈ နာရီအချိန်အထိ ကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
