ဧပြီ ၃၊ ၂၀၂၅၊ အီယိုရီ/People’s Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် ဘင်းမ်စတက်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဧပြီ ၃ရက်နှင့် ၄ရက်တို့တွင် ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဥ်-ဘင်းမ်စတက်(BIMSTEC)ထိပ်သီးညီလာခံတက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဟု ယမန်နေ့(ဧပြီ ၂ရက်)တွင် ထုတ်ပြန်ခဲ့သည်။
၎င်း၏ ခရီးစဥ်အတွင်း ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်လာမည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံရန် စီစဥ်ထားကြောင်း သိရသည်။

Public Service Announcement
ဘင်းမ်စတက်ညီလာခံတက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီလည်း ဘန်ကောက်မြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံအပါအဝင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ စသည့် ၇ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါဒေသဆိုင်ရာအဖွဲ့အစည်းကြီးအနေဖြင့် ကြောက်မက်ရွံရှာဖွယ် နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုခေါင်းဆောင် စစ်ရာဇဝတ်ကောင်တစ်ဦးအား ကြိုဆိုလိုက်ခြင်းသည် အဖွဲ့၏ပုံရိပ်ကို ညိုးနွမ်းသွားစေကြောင်း Juctice For Myanmar က ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ သာမာဆတ်တက္ကသိုလ် လက်ထောက်ပါမောက္ခ ဒူလ်ယာပက်ခ်ပရီချာရုရှ်ကလည်း ထိုင်းအစိုးရအနေဖြင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ညီလာခံသို့ လူကိုယ်တိုင် တက်ရောက်ခွင့်မပြုသင့်ကြောင်း ယမန်နေ့က တိုက်တွန်းခဲ့သည်။ ထိုင်းနိုင်ငံသို့ လာရောက်လိုသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဆန္ဒအမှန်မှာ မတရားအာဏာသိမ်းထားသည့် ၎င်း၏ရပ်တည်မှုကို နိုင်ငံတကာက လက်ခံသည့် အခြေအနေကို ရောက်လာစေရန် ဖြစ်လိမ့်မည်ဟု အထက်ပါထိုင်းပါမောက္ခက ထောက်ပြသည်။
စစ်ခေါင်းဆောင်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ဧပြီတွင် အင်ဒိုနီးရှား၊ ဂျာကာတာသို့ သွားရောက်ခွင့်ရရှိခဲ့ပြီးနောက်ပိုင်း လေးနှစ်ကျော်အတွင်း ယခု ဘန်ကောက်ခရီးစဥ်က အာဆီယံနိုင်ငံများအတွင်း ပထမဆုံး ပြန်လည်ခြေချခွင့် ရရှိခြင်းလည်းဖြစ်သည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်၊ မထုတ် စုံစမ်းစစ်ဆေးခြင်း ခံနေရသည့် မင်းအောင်လှိုင်သည် ဒဏ်ခတ်ပိတ်ဆို့မှုများစွာကိုလည်း ချမှတ်ခံထားရသူဖြစ်သည်။ ထို့အပြင် အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတစ်ခုသည် မင်းအောင်လှိုင်အား ၂၀၁၇ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သော ၎င်း၏အခန်းကဏ္ဍအတွက် မကြာသေးမီက ဖမ်းဝရမ်းထုတ်ထားသည်။
စစ်လက်နက်နှင့် ဘဏ္ဍာငွေများ ထောက်ပံ့ထားသည့် BIMSTEC အဖွဲ့ဝင်နိုင်ငံအချို့၏ ကူညီပံ့ပိုးမှုများဖြင့် စစ်အုပ်စုသည် မကြာသေးမီက ဆိုးရွားစွာ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ကျေးရွာများကို ကရုဏာမဲ့စွာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။
BIMSTEC ထိပ်သီးညီလာခံသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်တပ်အား နိုင်ငံတကာရာဇ၀တ်မှုများ ထပ်မံကျူးလွန်နိုင်ရန်အတွက် တရား၀င်မှုပေးကာ ရဲဆေးတင်ပေးလိုက်ခြင်းသာဖြစ်လိမ့်မည်ဟု JFM က ဖော်ပြသည်။
