close
Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်ကာလကို နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် NUG သတ်မှတ်

သင်္ကြန်ကာလကို နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် အဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့(ဧပြီ ၂ရက်)တွင် ထုတ်ပြန်လိုက်သည်။

ငလျင်လှုပ်ခတ်အပြီး မန္တလေးမြို့တနေရာ၌ အဆောက်အဦးများ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko SI

■စိုးမိုးနယ်မြေများ၌ ကူညီကယ်ဆယ်ရေးအပြည့်အ၀အားစိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီစိုးမိုးဒေသဝင်မကူနိုင်ခဲ့သည့်အပေါ် ဘေးသင့်ပြည်သူများအား တောင်းပန်

ဧပြီ ၂၊၂၀၂၅။ ဟန်နွေ/People’s Spring

သင်္ကြန်ကာလကို နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် အဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့(ဧပြီ ၂ရက်)တွင် ထုတ်ပြန်လိုက်သည်။

မတ်လ ၂၈ရက် ငလျင်ဘေးကြောင့် ပြည်သူများစွာထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိကာလ ပူဆွေးနေရမှုများအတွက် ပြည်သူမှ ပြည်သူသို အချင်းချင်းအားပေးနှစ်သိမ့်ရန် ဧပြီ ၁၃ရက်မှ ၂၀ရက်အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကာလအတွင်း ပြည်တွင်း၊ ပြည်ပနေ ပြည်သူများအနေဖြင့် ပြည်သူမှပြည်သူသို နှစ်သိမ့်အားပေး ခြင်းများကို တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ အစုအဖွဲများအနေဖြင့်ဖြစ်စေ ကုသိုလ်ကောင်းမှု၊ ဆုတောင်းမှု၊ ငလျင်ဒဏ်ခံ ပြည်သူများအား စာနာရိုင်းပင်းကြောင်း ပြသသည့် လုပ်ဆောင်မှုများကို ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

ငလျင်ဒဏ်နှင့် စစ်အာဏာရှင် ညှင်းပန်းခံ ပြည်သူများနှင့် အတူတကွ ရပ်တည်ကြောင်း နှင့် ဆုံရှုးမှုများအတွက် စာနာကြောင်းကို ပြသသည့်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်ရုံးများ၊ သံတမန်ရုံးများ (သို)သတ်မှတ်ထားသည့် စုစည်းရာနေရာများတွင် ဝမ်းနည်းမှတ်တမ်းများ ရေးထိုးခြင်း၊ ဝမ်းနည်းခြင်း ပန်းပွင့်၊ ပန်းစည်း၊ ပန်းခြင်းများ ပေးပိုခြင်း၊ မိမိနေထိုင်ရာ တိုင်းပြည်များ၏ ဓလေ့ထုံးစံများနှင့်အညီ စုဝေးဆုတောင်းမေတ္တာပိုသမှု လုပ်ဆောင်ခြင်း လုပ်ဆောင်မည်ဟု ဆိုသည်။

အသက်ဆုံးပါးသွားသည့် ပြည်သူများနှင့် ကျန်ရစ်သူမိသားစုများအတွက် အောက်မေ့ သတိရ ခွန်အားယူ ဆုတောင်းပွဲများ ပြုလုပ်ခြင်း၊ ရေစက်ချ အမျှဝေခြင်း၊ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပိုသ ခြင်း၊ ကုသိုလ်ကောင်းမှု ရည်စူးပြုလုပ်ခြင်း၊ ထိခိုက်ခံစားရသူများအား နားလည်စာနာအားပေးမှုကို နိုင်ငံတွင်းနိုင်ငံပြင်ပတွင် နည်းလမ်းအမျိုးမျိုးဖြင့်ပြုလုပ်ရန်လည်း နှိုးဆော်ထားသည်။

မြန်မာပြည်အရေးကို စိတ်ကောင်းစေတနာကောင်းဖြင့် ကူညီနေသည့် နိုင်ငံတကာရှိ လူပုဂ္ဂိုလ်၊ အဖွဲ အစည်း၊ နိုင်ငံတကာအစိုးရများနှင့်အတူ ဝမ်းနည်းကြောင်းပြသမှု၊ နှစ်သိမ့်မှု၊ ဆုတောင်းမှုများကို အတူတကွ လုပ်ဆောင် မည်ဟုလည်း အသိပေးသည်။

မတ်လ ၂၈ရက် မြေငလျင်ကြောင့် ဘေးသင့်ပြည်သူများကို NUGက ကူညီရေးဆောင်ရွက်ရာ၌ စိုးမိုးနယ်မြေများတွင် ငလျင်ဘေးဒဏ်သင့်လူထုကို ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အပြည့်အဝအားစိုက်လုပ်နိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ စိုးမိုးဒေသများတွင် ကိုယ်ထိလက်ရောက် ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက်များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြကာ ငလျင်ဘေးသင့် ပြည်သူလူထုကို လေးနက်စွာ တောင်းပန်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို မတရားလုယူရန် ကြိုးစား ခဲ့သည့်အချိန်မှစ၍ ပြည်သူ့အာဏာ ပြည်သူပြန်ရရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြသည့် ပြည်သူလူထုသည် စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများကို နိုင်ငံအနှံ့အပြားတွင် ခံစားခဲ့ရကြောင်း၊ စစ်ကောင်စီ၏ ညံ့ဖျင်းသော စီမံမှုကြောင့် ကိုဗစ်တတိယလှိုင်းတွင်ထောင်နှင့်ချီသော ပြည်သူ ပြည်သားများ အသက်ဆုံးပါးခဲ့ရကာ၊ မုန်တိုင်း၊ ရေကြီးမှုများတွင်လည်း မဆုံးရှုံးသင့်သော အသက်ပေါင်းများစွာ ဆုံးရှုံး ခဲ့ကြရကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှု၊ ရွာများကို မီးရှို့ဖျက်ဆီးမှုများကြောင့်လည်း လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ငလျင်ဘေးဒဏ်ခံရချိန်တွင်ပင် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် လူသားမဆန်စွာလုပ်ဆောင်နေဆဲပင်ဖြစ်သည်ဟု ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယင်းဖြစ်ရပ်များအားလုံးကို ဘယ်သောအခါမှ မေ့ပျောက်မည် မဟုတ်သကဲ့သို အဆိုပါ ဖြစ်ရပ်များအတွက် တရားမျှတမှု ပြန်လည်ရရှိရေးအတွက်လည်း အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်း​မြေငလျင်ဒဏ်ဆိုးဝါးစွာရွာခံခဲ့ရတဲ့​ မန္တလေးမြို့မှာ ငလျင်သင့်ပြည်သူ​တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ CDM ဆရာဝန်တစ်ဦးကို People's Spring ကဧပြီ ၂ ရက်​နေ့မှာ ဆက်သွယ်​မေးမြန်းထားပါတယ်။

သတင်း

ငလျင်လှုပ်ခတ်မှုကြာင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်သို့ သစ်ခုတ်ဝါးခုတ်နှင့် ငါးရှာထွက်လာသည့် အမျိုးသားရှစ်ဦး သေဆုံးသွားရာ ရုပ်အလောင်းတစ်လောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း ပဲခူးရိုးမအခြေစိုက် BPDF-Yoma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂ရက်)တွင် လေကြောင်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) ထိပ်သီး ညီလာခံကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူကိုယ်တိုင် တက်ရောက်ဖို့ ထိုင်းအစိုးရ အနေနဲ့ ခွင့်မပြုသင့်ကြောင်း သာမာဆတ် တက္ကသိုလ် လက်ထောက် ပါမောက္ခ တစ်ဦးက ထောက်ပြခဲ့ပါတယ်။