ဧပြီ၁၊ ၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နှင့် (၉)မိုင်အကွာရှိ စစ်ကောင်စီ၏ ဝမ်မလန်းတပ်စခန်း သိမ်းပိုက်ရရှိကြောင်း ကရင်နီပူးပေါင်းတပ်မှ တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောသည်။
မတ်လ ၃၁ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားအလောင်း လေးလောင်းနှင့် လက်နက်ခဲယမ်းအချို့ရရှိကြောင်း အသိပေးသည်။
“ဝမ်မလန်းစစ်ဆင်ရေးက ကရင်နီပြည်တပ်ပေါင်းစုံ၊ စစ်ဦးစီးကော်မတီရဲ့ ဦးဆောင်မှုနဲ့လုပ်တာဖြစ်တယ်”ဟု ကရင်နီတပ်ပေါင်းစု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
ဝမ်မလန်းတပ်စခန်းကို မတ်လ ၂၈ရက် နံနက်ကစတင် တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ မတ်လ ၃၀ရက်တွင် အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့ခြင်းဟု သိရသည်။
“ပထမတော့ ဒရုန်း၊လက်နက်ကြီးနဲ့ ခုခံတယ်။ မဟန်တော့ စခန်းကနေ ဆုတ်သွားတယ်”ဟု ကရင်နီတပ်မတော်(KA)မှ တာဝန်ရှိသူတစ်ဦးက ဝမ်မလန်းတပ်စခန်းသိမ်းတိုက်ပွဲအပေါ် ရှင်းပြသည်။
အဆိုပါတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ဝမ်မလန်းတပ်စခန်းသည် ဘောလခဲမြို့နှင့် ရွာသစ်မြို့ကြားတွင်ရှိပြီး ရွာသစ်မြို့ကိုသိမ်းပိုက်ထားသည့် ကရင်နီပူးပေါင်းတပ်များ ဘောလခဲမြို့တွင် ဝင်ရောက်မလာနိုင်ရေး အဓိက ခုခံသည့် စခန်းကုန်းလည်းဖြစ်သည်။
“အဲဒီစခန်းက စကစအတွက် ဘောလခဲမြို့ မကျရေးအတွက် အခြေခံကျတဲ့ ဗျူဟာကုန်းလိုနေရာပဲ။တပ်ပေါင်းစုဘက်က လမ်းကြောင်းပိတ်ထားတာတော့ကြာပြီ။ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ တိုက်ခဲ့တာမရခဲ့ဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဝမ်မလန်းတပ်စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများသည် ဘောလခဲမြို့နှင့် (၄)မိုင်ခန့်အကွာ မိုင်းထမ်းရှိ စစ်ကောင်စီစခန်းသို့ ရောက်ရှိသွားကြောင်းလည်း ၎င်းက ပြောသည်။
ဘောလခဲမြို့တွင် စစ်ကောင်စီ၏ အခြေချစစ် ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀)နှင့် ခလရ (၃၃၇)တပ်ရင်းတို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက်အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားသည်။
ဘောလခဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်စာတွင် မြို့နေလူထုသည် အမြန်ဆုံးရွှေ့ ပြောင်းရန်၊စစ်ကောင်စီနှင့် မပတ်သက်ရန် အပါအဝင် စစ်ကောင်စီတပ်စခန်းအနီး မနေကြရန် သတိပေးထားသည်။
