ဧပြီ ၁၊၂၀၂၅။ရဲခေါင်၊ကျော်ဇောPeople’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ကျောင်းဆရာတစ်ဦးနှင့် ရဲဘော်နှစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ကြောင်း ပေါက်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁ရက်) ထုတ်ပြန်သည်။
မတ်လ ၃၀ရက်က ပေါက်မြို့နယ်၏အနောက်တောင်ဘက် (၁၀)မိုင်အကွာရှိ စစ်ကောင်စီ၏ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စနိုက်ပါဖြင့် ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ပကဖ ရဲဘော်နှစ်ဦးနှင့် ကျောင်းဆရာတစ်ဦး သေဆုံးကြောင်း အသိပေးသည်။
ယမန်နေ့(မတ်လ ၃၁ရက်) နေ့လည် ၂နာရီခွဲကလည်း ကပစ(၂၄)မှ ပစ်ခတ်သည့် ၈၁ မမ လက်နက်ကြီးကျည်သည် ပလောင်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲ ပြီး (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ဝမ်းဗိုက်ထိမှန် သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
“ပလောင်းရွာက ပေါက်နဲ့ဆောကိုသွားတဲ့ လမ်းပိုင်းပေါ်မှာ ရှိတယ်။ကပစနဲ့လည်း သိပ်မဝေးဘူး။က ပစ တိုက်ခံရမယ်ဆိုပြီး ကိုယ်တိုင်ဝါဒဖြန့်ပြီးတော့မှ လက်နက်ကြီး၊လက်နက်ငယ်နဲ့ ဘေးပတ်ဝန်းကျင် နေရာတွေကို ပစ်နေတာ”ဟု ပေါက်မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် ယမန်နေ့ညနေပိုင်းက မကွေးတိုင်း၊ စလင်းမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲခဲ့ပြီး နေအိမ်များပျက်စီးသည်ဟုသာ ကနဦးသိရပြီး အဆက်အသွယ်ပြတ်တောက်နေ၍ လူထိခိုက်မှု ရှိ၊မရှိကိုမူ မသိရသေးဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက အသိပေးသည်။
“လက်နက်ကြီး ပစ်ခတ်တာကတော့ နေ့တိုင်းနီးပါး ရှိပါတယ်။ တနေရာမဟုတ် တနေရာရာကို ညပိုင်း၊ နေပိုင်း၊ အချိန်မရွေး ပစ်ခတ်နေတာပါ”ဟု စစ်ကောင်စီ၏လုပ်ရပ်ကို ပေါက်မြို့နယ် ပကဖ မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အလားတူ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသော ကပစ(၂၄)သည် ၈၁ မမ၊ ၆၁ မမ များအပါအဝင် ၁၂၀ မမနှင့် ၁၂၂ မမသုံး ဟောင်ဝစ်ဆာလက်နက်ကြီးများအသုံးပြု၍ အရပ်သားပစ်မှတ်များသို့ ပစ်ခတ်မှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် နိုင်ငံတဝန်း ငလျင်ဘေးကြုံတွေ့နေရချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည်။
စစ်ကောင်စီသည် စစ်ကိုင်း၊မကွေး၊မန္တလေး၊ကချင်၊ကရင်နီ နှင့် ပဲခူးတိုင်းတို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့်အပြင် စစ်ကိုင်းတိုင်း မြင်းမူနှင့် ဘုတလင်မြို့နယ်တို့တွင်လည်း စစ်ကြောင်းထိုးနေသည်။
ငလျင်ကို အကြောင်းပြု၍ စစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးအမြတ်ထုတ်လိုမှုများရှိလာနိုင်ကြောင်းလည်း တော်လှန်တပ်ဖွဲ့ခေါင်းဆောင်အချို့က သတိပေးထားသည်။
