ဧပြီ ၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring
မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၄၀၃ဦးအား အသက်ရှင်လျက်ကယ်တင်နိုင်၍ ၂၅၉ဦး၏ ရုပ်အလောင်းများ ထုတ်ယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။
မတ်လ ၃၁ ရက် တစ်ရက်တည်းတွင် အမျိုးသမီး ၅ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၁ဦး၊ စုစုပေါင်း ၂၇ဦး၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့သည်ဟု မီးသတ်ဌာနက ထုတ်ပြန်သည်။

Public Service Announcement
ထို့အပြင် မြေပြင်ရောက်ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ၏ ပြောဆိုမှုများအရ ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်ရန္တယားများ မလုံလောက်ခြင်း၊ ရှာဖွေကယ်ဆယ်ရမည့်နေရာများ များ ပြားပြန့်ကြဲနေခြင်းအပါအဝင် အခက်အခဲမျိုးစုံရှိနေခြင်းကြောင့် ထင်သလောက် ခရီးမပေါက်သည်များလည်းရှိနေသည်ဟု ဆိုသည်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီး၏ ဗဟိုချက်ဖြစ်သော စစ်ကိုင်းနှင့် မန္တလေးမြို့များတွင် ပြိုကျပျက်စီးမှုများအောက် ပိတ်မိနေသူဦးရေ ထောင်ချီရှိနေပြီး သေဆုံးသူဦးရေမှာလည်း ကနဦးရရှိသော စာရင်းများအရ နှစ်ထောင်ကျော်ရှိနေပြီ ဖြစ်သည်။
အလားတူ ငလျင်ကြီးလှုပ်ခတ်မှုအပြီး လေးရက်မြောက်နေ့ညပိုင်းအထိ နောက်ဆက်တွဲငလျင်ငယ်များဆက်တိုက် လုပ်ခတ်လျက်ရှိရာ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ တိုင်းထွာချက်မှတ်တမ်းများအရ အကြိမ်ရေ ၂၀၀ နီးပါးရှိလာပြီ ဖြစ်သည်။
