ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီက အင်အားနှင့် ခဲယမ်းရိက္ခာများဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။
ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးအားကောင်းရာ မြောက်ခင်ရန်းကျေးရွာအား ဖေဖော်ဝါရီ ၁၉ရက် ညပိုင်းမှ ယနေ့(ဖေဖော်ဝါရီ ၂၀ရက်) နံနက် ၁ နာရီခွဲခန့်အထိ Y-12 လေယာဥ်မှ လေထီးဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများချပေးခဲ့သည်ဟု ဆိုသည်။
“Y-12 လေယာဥ်ပေါ်က လေထီးနဲ့ချပေးတဲ့ အထုပ်များကို မြောက်ခင်ရန်းကျေးရွာက ပျူစောထီး အင်အား ၂၀၀ခန့်က ကြိုတင်စောင့်ဆိုင်းကာ ထွက်ယူဆောင်ခဲ့ကြတယ်လို့လည်းသိရတယ်။အထုပ်ရေ အရေအတွက်ကို အတည်ပြုဆဲပဲ”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် ယောအလင်းတန်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement
ဖေဖော်ဝါရီ ၁၈ရက်ကလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ Mi 17 ဖြင့် စစ်မှုထမ်းထမ်းတပ်သားသစ် အင်အား ၅၀ ခန့်ကို မြောက်ခင်ရန်းကျေးရွာသို့ ပေးပို့ခဲ့ကြောင်းအသိပေးသည်။
ဂန့်ဂေါ – ကလေး ကားလမ်းပိုင်းရှိ အိမ်ခြေ ၁,၅၀၀ခန့်ရှိသော မြောက်ခင်ရန်းကျေးရွာအား စက်တပ်လေထီး (Promotor)နှစ်ခုကိုပါ စစ်ကောင်စီက အားဖြည့်ထား ကြောင်းလည်း သိရသည်။
မြောက်ခင်ရန်းကျေးရွာသည် ဂန့်ဂေါမြို့နယ် အတွင်း ပျူစောထီးအားအကောင်းဆုံး ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ဘန်ကာများဖြင့် အခိုင်အမာနေရာယူ တပ်စွဲထားကြောင်းလည်း ဒေသတွင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။
“ပျူရွာတွေ ကျန်သေးတယ်။စစ်ရေးကတော့ ဒီထက်ပိုပြီး ထိရာက်စွာ လုပ်ဆောင်ဖို့ရှိပါတယ်”ဟု ကလေး-ဂန့်ဂေါလမ်းပိုင်းစစ်ဆင်ရေးဖော်ဆောင်နေသည့် CDF KKG တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဖေဖော်ဝါရီ ၁၁ရက်ကစ၍ ဂန့်ဂေါ – ကလေးလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကမ္ဘားနီစခန်း အပါအဝင် အောင်သာယာရွာသစ်၊ အောင်သာယာ ရွာဟောင်း၊ မှန်တောကျေးရွာနှင့် ကြံသာကျေးရွာများအား တော်လှန်ရေးအင်အားစုများက သိမ်းပိုင်နိုင်ခဲ့သည်။
ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါမြောက်ပိုင်းရှိ ကျောက်ပြုတ်၊မြောက်ခင်ရန်း၊ ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ လယ်ကြီးအရှေ့နှင့် လယ်ကြီးအနောက်တို့သည် စစ်ကောင်စီက လက် နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်ခေါ် ပျူစောထီးအားကောင်းသည့် ကျေးရွာများဖြစ်သည်။
