close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲကထက်ဝက်ကျော်လောက်ဟာလည်း စစ်ရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ကုန်စည်စီးဆင်းမှုနဲ့ နယ်စပ် ကုန်သွယ်ရေးတွေကို ထိခိုက်ပြတ်တောက်စေခဲ့ပါတယ်။

မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း
မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း

▪︎ မြန်မာနိုင်ငံရဲ့ GDPဟာ ၁ ရာခိုင်နှုန်းတက်မယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းခဲ့​ပေမယ့် လက်​တွေ့မှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်

People’s Spring

ပြည်တွင်းစစ်မီး တောက်လောင်နေဆဲ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှုနှုန်းဟာ ဆက်လက်ပြီး ဆုတ်ယုတ် ကျဆင်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးချိန် ကတည်းက နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ အားကောင်းလာခြင်းနဲ့အတူ ပြည်တွင်းစစ် အစပြုခဲ့တဲ့ နိုင်ငံဟာ ကျပ်ငွေတန်ဖိုး ကျဆင်းမှု၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ လုပ်သား ပြတ်လပ်မှု ပြဿနာတွေနဲ့လည်း ရုန်းကန်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လမှာ ပြီးဆုံးမယ့် ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ GDPဟာ အရင်နှစ်ကထက် ၁ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။ အစောပိုင်းတုန်းက နိုင်ငံရဲ့ GDPဟာ ၁ ရာခိုင်နှုန်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။လက်​တွေ့မှာ ၁ ရာခိုင်နှုန်းကျပြီး ​ပြောင်းပြန် ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

စက်တင်ဘာလမှာ ကြုံတွေ့ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီ နောက်ဆက်တွဲ ဆိုးရွားတဲ့ ရေကြီးမှုတွေ အပါအဝင် သဘာဝ ဘေးအန္တရာယ်တွေကလည်း နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို နောက်ပြန်ဆွဲသလို ဖြစ်နေခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ကတော့ မြန်မာနိုင်ငံရဲ့ အခုနှစ် စီးပွားရေး တိုးတက်နှုန်း ၃.၈ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နောက်ထပ် သုံးသပ်ချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ထုတ်ကုန်စွမ်းအားဟာ ၂၀၁၉ ခုနှစ်နဲ့ ယှဉ်ရင် ၂၀၂၅ မှာ ၁၁ ရာခိုင်နှုန်းလောက် ကျဆင်းနေလိမ့်မယ် ဆိုတာလည်း ပါဝင်ပါတယ်။ အဲဒီ ဘက်ပေါင်းစုံ ကျဆင်းမှုတွေရဲ့ အဓိက အကျဆုံး အကြောင်းတရားဟာ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

စစ်ရေး အခြေအနေတွေ ပိုဆိုးလာနိုင်တာ၊ စစ်တပ်က ဦးစီးကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲ နောက်ဆက်တွဲ အလားအလာတွေ ခန့်မှန်းရ ခက်နေသေးတာ၊ နောက်ထပ် သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကြုံလာတာတွေ ရှိမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေးထုတ်ကုန် ကဏ္ဍဟာ ဆိုးသထက် ပိုဆိုးပြီး မိသားစုတွေ အများအပြား ဆင်းရဲနွမ်းပါးမှု စံသတ်မှတ်ချက်ထဲ ကျဆင်းကုန်နိုင်တယ်လို့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုန်စျေးနှုန်းတွေကလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှု၊ သွင်းကုန်တွေ ကန့်သတ် ထိန်းချုပ်ခံရမှုနဲ့ တခြားသော အနုတ်လက္ခဏာဆန်တဲ့ ညွှန်ကိန်းတွေကြောင့် နှစ်အလိုက် ပျမ်းမျှ နှိုင်းယှဉ်မှုထက် ကုန်စျေးနှုန်း ၂၆ ရာခိုင်နှုန်းလောက် များပြားနေဆဲလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် ပြည်တွင်းကို ကုန်ကြမ်းတွေ စီးဝင်မှု လျော့နည်းသွားခြင်းနဲ့ ဓာတ်အား ပြတ်တောက်မှုတွေဟာ ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွေကို အကြီးအကျယ် အထိနာစေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲကထက်ဝက်ကျော်လောက်ဟာလည်း စစ်ရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ကုန်စည်စီးဆင်းမှုနဲ့ နယ်စပ် ကုန်သွယ်ရေးတွေကို ထိခိုက်ပြတ်တောက်စေခဲ့ပါတယ်။

အခြေအနေကို ဆိုးသထက် ဆိုးရွားစေတာက အခုနှစ်ပိုင်းတွေအတွင်း မြန်မာကနေ ပြည်ပကို ထွက်ခွာမှုတွေအရမ်းများပြားလာခြင်းဖြစ်ပြီး ပြည်တွင်းမှာ လုပ်သားအင်အားနဲ့ လူသားရင်းမြစ် ပြတ်တောက်မှုတွေကို ဖြစ်ပေါ်လာစေပါတယ်။နှစ်ဆန်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က စစ်မှုမထမ်း မနေရ စနစ်ကို အသက်သွင်းခဲ့တာကလည်း လူငယ်တွေ ပြည်ပကို ပိုပြီး ထွက်ခွာစေဖို့ တွန်းအား ဖြစ်လာပါတယ်။

ကုလသမဂ္ဂ (UN)က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစလို့ မြန်မာနိုင်ငံသား ၁.၅ သန်းလောက်ဟာ အခြေအနေ မျိုးစုံနဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြကြောင်း ပြောပါတယ်။ ဒါကြောင့် အာဏာသိမ်းမှု စတင်ချိန်ကနေ ရေတွက်ရင် နိုင်ငံလူဦးရေရဲ့ ၆ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ လူပေါင်း ၃.၅ သန်းလောက်ဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းထားရတဲ့ အဓိပ္ပါယ်လို့လည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

တရိပ်ရိပ် တိုးလာတဲ့ ပဋိပက္ခတွေ၊ လုပ်သား ရှားပါးမှု ပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုက စီးပွားရေး လုပ်ငန်း အားလုံးလိုလိုကို အကျပ်အတည်းတွေ ကြုံစေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

သတင်း

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

သတင်း

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

သတင်း

၂၀၂၃တွင်ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု IMFကဆိုထားသည်။